Friday, July 30, 2010

ကြောင်မျိုး ဘာကြောင့်ခေါ်

ကြောင်မျိုး ဘာကြောင့်ခေါ် ဒီပို့စ်လေးက အရင်တုန်းကလည်း ဘလော့ကိုလာဖူးတဲ့သူတစ်ယောက်က မေးလို့ ရေးဖူးပါသေးတယ် ။ ခုတခါတော့ သူငယ်ချင်း နေ၀သန် က ဘာလို့ကြောင်မျိုး လို့ခေါ်တာလည်း မေးလာပြန်တာကြောင့် ဘာရေးရမှန်းမသိဖြစ်နေတဲ့ ကျနော့်အတွက် ဆားချက်ဖို့ ပို့စ်တစ်ပုဒ်ရသွားပြန်ပြီပေါ့။

ကြောင်မျိုးလို့ နာမည်တွင်သွားတာကတော့ ကျနော် ဘလော့မရေးခင် စာဖတ်သူတစ်ယောက်အနေနဲ့ပဲ စာတွေလိုက်ဖတ်ဖြစ်နေတုန်းကပါ အဲ့တုန်းက လောဘကြီးတာ ကိုယ့်ကို ဆီပုံးမှာ စကားပြန်ပြောတဲ့သူရဲ့ ဘလော့ကိုမှ နောက်နေ့တွေသွားပြန်လည်ဖြစ်တယ် ။ အဲ့တုန်းက မျှားပြာ ရဲ့ ဘလော့မှာ သူစာပြန်ထားတာ ကျနော့်တစ်ယောက်ပဲကျန်ခဲ့တယ် စိတ်တိုတိုနဲ့ နောက်နေ့မလာတော့ဘူုးလို့ ရေးပြီးပြန်လာခဲ့ပါတယ် ။ သူကလည်း ဘလော့သွေးကကြွနေတဲ့အချိန် စိတ်စွဲလို့ပဲလားတော့မသိ ညပိုင်းကျတော့ အဲ့အကြောင်း အိပ်မက် မက်တယ်တဲ့ ။ “ ကျွန်တော်နှင့်ကြောင်နှစ်ကောင်အိပ်မက်” ဆိုတဲ့
ပို့စ်လေးပဲ အရင်တုန်းက ဘလော့ကိုဖတ်ဖို့လောက်ပဲ အာရုံရနေတဲ့ကျနော် အပျော်တွေလွန်ပြီင်္း ဘလော့ရေးချင်စိတ်ပေါက်သွားတော့တာပဲ ။ နောက်တော့ မလေးမ က လင့်ချိတ်တော့ ကြောင်မျိုး လို့ ချိတ်ထားလိုက်တယ် ။ အဲ့တုန်းက စခင်တဲ့ ဘလော့ဂါသူငယ်ချင်းတွေကလည်း လာတိုင်း ကြောင်မျိုး ၊ ကြောင်မျိုး နဲ့ပဲခေါ်နေတော့တာနဲ့ ကြောင်မျိုးလို့ နာမည်တွင်သွားရပါကြောင်း :) ။

ခုနောက်ပိုင်းတော့ အဲ့တုန်းက သူငယ်ချင်းတွေကလည်း ဘလော့နားကုန်ကြတဲ့သူတွေကော မအားကြတဲ့သူတွေကောနဲ့ ကြောင်မျိုးလို့ခေါ်တဲ့သူ မရှိတော့သလောက်ပါပဲ ။ ကြောင်မျိုးလို့ ခေါ်ကြတဲ့သူတွေက မှတ်မိသလောက်တော့ ဒေါ်လေးပန်(ပန်ဒိုရာ) ၊ မလေးမကတော့ ကြောင်မျိုး ခေါ်လိုက် ကြောင်စုတ်လို့ ခေါ်လိုက်နဲ့ပါပဲ ။ ကြောင်ကလေးလို့ တစ်ခါတလေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အစ်ကိုသူငယ်ချင်းတွေက မျှားပြာ ၊ ကိုတင့် ၊ ညိမ်းညို ပြီးတော့ မွန် ။ ဓာတ်ပုံတွေတင်တဲ့ ပို့စ်တွေမှာ ကျနော့်ရဲ့ လှတပတ မျက်နှာလေးမှာ ချစ်မွှေး နှုတ်ခမ်းမွှေးကားနေတဲ့ ပုံတွေများတာကြောင့် ကြောင်နဲ့ တူတယ်လို့ တစ်ချို့ ( ကိုရွာသားတစ်ယောက်တည်းပါ ) ကတော့ မှတ်ချက်ချဖူးတယ် ကိုလင်းဒီပ တို့လည်း ကြောင်မျိုး လက်သည်းနဲ့ ကုတ်မှာကြောက်လို့ ဘာညာနဲ့ရေးဖူးသေးတယ်ထင်တယ် ။ ပြီးတော့ ညှောင်မျိုး ညောင်မျိုးလို့ နာမည်ဖျက်တာတော်တဲ့ မစန်ဒါကြီးတော့ နာမည်တွေ ဘယ်နှစ်မျိုးလောက်များ ထပ်ပေးအုံးမလဲဆိုတော့ တွေးမိသေး ။ နေသ၀န်ရဲ့ ကြောင်မျိုး ဘာလို့ခေါ်တာလဲ ဆိုတဲ့ ကော့မန့်လေးတွေ့မှပဲ အဲ့ပို့စ်လေး သွားဖတ်မိတော့တယ် ပျော်စရာ အတိတ်က နေ့ရက်များပေါ့ လွမ်းမိပါရဲ့ အရင်တုန်းက အချိန်များရယ် ။ ဒီပို့စ်လေးရေးဖြစ်သွားအောင် မေးဖြစ်ခဲ့တဲ့ နေ၀သန့်ကို ကျေးဇူးအထူး ။

Thursday, July 29, 2010

အချစ်ဟာ မီးလား

သံသရာ ရှည်သလောက်
ဘ၀ ဟာတိုလွန်းတယ်

ဘုရားရှေ့ကသပြေပန်းလေးမညှိုးခင်
လက်တစ်ပစ်စာ ဘ၀လေးထဲမှာ
အချစ် အမုန်း
ခေါင်းနဲ့ ပန်း ဒင်္ဂါးပြားလို
ပန်းသစ်ကို အိုးသစ်ထဲ ရဲရဲစိုက်
အနာဂါတ်ကို လက်တစ်ဆုံး နှိုက်ကြည့်တော့
ခေတ်ကြီးထဲ စီးဆင်းနေတဲ့မြစ်လို
ဒေါင်းတစ်ကောင် ပျားရည်တစ်အိုးနဲ့
ငယ်ငယ်တုန်းက ချစ်ရေစင်
ချောင်းစပ်မှာ ခြေရာထင်ခဲ့။

အခုတော့ ဘကြီးအောင်
ပုံပြင်ထဲကလို
အမုန်းမရှိတဲ့ ကမ္ဘာမှာ
အချစ်ဟာ မီးလား....။

မင်းဆွေနှစ် (မုံရွာ)




P>S = ဟုတ်ပါ့ အချစ်ဟာမီးပဲ ပူတာ လွန်ပါရော :)

Tuesday, July 27, 2010

နေညိုချိန်


ကျနော့်ဘ၀မှာ ရှက်ရွံ့ခြင်း ၊ ၀မ်းနည်းခြင်း ၊ သိမ်ငယ်ခြင်းတွေ အားလုံး တစ်ပြိုင်တည်း ဖြစ်ခဲ့တဲ့ အခိုက်တန့်ပါပဲ။သူမ ကိုချစ်ခဲ့မိတဲ့ ချစ်ခြင်းတွေနဲ့ ဝေဒနာတွေ တစ်ပွေ့တစ်ပိုက် ။ သူမ သာ ကျနော့် ကိုချစ်တတ်အောင်သင်မပေးခဲ့လျှင် ဒါမှမဟုတ် ကျနော်သာ ကိုယ့်ဘ၀ကို နားလည်ပြီး ချစ်ရေးမဆိုခဲ့လျှင် အရာရာ အားလုံးဟာ လှပ အသက်ဝင်နေမယ်ဆိုတာ အသေချာပါပဲ ။ ဒါပေမယ့်လေ ချစ်ခဲ့မိတဲ့ အချစ်တွေ အတွက်တော့ ဘယ်တော့မှ နောင်တ ရမှာမဟုတ်ပါဘူး ။ ဘယ်တော့မှလည်း မေ့မှာမဟုတ်တဲ့ အမှတ်တရ တော်တော်များများကို သူမ ချန်ခဲ့ပါတယ်။ ကျနော်တို့ တကယ်ကို ချစ်မိခဲ့ကြပါတယ်။


၁။
အချစ်ဆိုတာ
မခေါ်ပဲလာတဲ့ ဧည့်သည်ပါပဲ
စားချင်တာစားသွား
ပြောချင်တာပြောသွားတဲ့
အလိုက်ကန်းဆိုးမသိတဲ့
ဧည့်သည်ဆိုး.............။

သူမ မခေါ်ပဲ ၀င်လာခဲ့တယ် ကဗျာတွေမဆန်ခဲ့ပါဘူး ရိုးရိုးလေးနဲ့ သူမ နဲ့ ကျနော့်ရဲ့တွေ့ဆုံမှုလေးတစ်ခု ဒီရပ်ကွက်လေးမှာ ကျနော် စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ် ။တစ်ခါခါတော့ ကိုယ်တိုင်ရေး ကဗျာ အတိုစလေးတစ်ချို့ ဆိုင်လေးရဲ့ နာမည်က “ နေညိုချိန်” တဲ့ ဟာသ အတိုလေးတွေကအစ ချစ်ခန်း လွမ်းခန်းတွေ အလယ် သိုင်းစာအုပ်တွေအထိ ဒီဆိုင်လေးမှာ ရနိုင်ပါတယ်။ သူလို ကိုယ်လို ပဲမို့ စာအုပ်ငှားတဲ့ သူတွေကို မေးထူးခေါ်ပြောကလွဲပြီး မပိုခဲ့ပါဘူး ။အဲ့ဒီစာအုပ်ငှားသူတွေထဲကျနော့်ဘ၀ထဲအမှတ်တရတွေပေးခဲ့မယ့် သူမလည်းတစ်ယောက်အပါအ၀င်ပေါ့ ။သူမကို စသတိထားမိတာ မာနအရိပ်တွေလည်းမတွေ့ရ ပကတိ တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်လေး မျက်ဝန်းထဲ စွဲကျန်စေခဲ့တာကတော့ သူမ ပြုံရင် သိပ်ကိုလှတာပဲ ။ အိုး...ကျနော့်ရင်တွေ မသိမသာ ခုန်နေပါလား ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားမိတယ် ရုန်းကန်စရာတွေများတဲ့ ဘ၀ရပ်တည်ချက်တွေနဲ့မို့ ရင်ခုန်စရာဆိုတဲ့ အရာတော်တော်များများကို မေ့ထားခဲ့တာ (မေ့ချင်ဟန်ဆောင်ခဲ့တာ) ပါ ။

သူမရဲ့ အားလပ်ရက်တစ်ချို့တွေဆိုရင်တော့ ဆိုင်ကလေးမှာ သူမစာမြည်းဖတ်ရင်း စကားတွေပြောဖြစ်ကြတယ်။အင်း ...သူမ ပျင်းနေတယ်တဲ့ ကျနော်က သူမအတွက် စကားပြောဖော်တစ်ယောက်ဖြစ်ခွင့်ရတာကိုတော့ ကျေကျေနပ်နပ်ကြီးဖြစ်နေမိတယ်။ စာပေအကြောင်း ကိုယ်စီ ဘ၀အကြောင်း သူငယ်ချင်းတွေအကြောင်း အကြောင်းရာတော်တော်များများပါပဲ ထူးခြားတာ ကျနော် ရယ်စရာတွေပြောတာမဟုတ်ပဲ သူမ ရယ်နေတာ ။
“ ကျနော်...အဲ့တာ ရယ်စရာပြောတာမဟုတ်ဘူးလေ ”
“အင်းလေ...သိသားပဲ ဒါပေမယ့် မင်းဘာပြောပြော ဒို့ရယ်နေရတာကိုး ”
သူမ အဲ့လို စကားအဆန်းလေးပြောပြီး ရယ်မောနေရင်တော့ ထူးခြားစွာ စိတ်မဆိုးမိပါ ။ အဲ့ဒီအချိန်တည်းက ကျနော်သိလိုက်ရတာ သူမ ပျော်ရင် ကျနော်လည်းပျော်တယ် သူမ ပျော်ဖို့ အတွက်ဆို ကျနော် ဘာပဲလုပ်ရလုပ်ရ ၀န်မလေးတက်ပါ။

၂။
ဖြူစင်တဲ့ သံယောဇဉ်တွေမှာ
ဂုဏ်ပကာသနတွေမပါ
ပကာသန အသိုင်းဝိုင်းတွေမရှိ
ဟန်ဆောင်လောက နဲ့..ဟိုး....အဝေးဆုံးမှာ

ကျနော်တို့တွေ မေ့ထားကြတယ် သူမရဲ့ ကိုယ်ပေါ်က အရောက်လက်လက် တန်ဖိုးကြီးပစ္စည်းတစ်ချို့ ကျနော့်ကိုယ်ပေါ်က ခပ်နွမ်းနွမ်း အကျီင်္ အနားလန်နေတဲ့ ဂျင်းပင်ပြာခပ်ဟောင်းဟောင်း ။သူမက ချမ်းသာပြီး ပညာတက်မိန်းမ တစ်ယောက်ဆိုတာ ရယ် ကျနော်က ဘ၀အာမခံချက်မှမရှိတဲ့ စာအုပ်ဆိုင်ပိုင်ရှင်လေး ဆိုတာကိုပါ ရယ်စရာတော့ကောင်းသား။ဟန်ဆောင်မှုကင်းတဲ့သူမနဲ့ကျနော်ခင်မင်မှုအတိုင်းတာတစ်ခုထိရောက်ခဲ့ပါတယ် ။ ညနေစောင်းမှာ ကျနော့်ရဲ့ စက်ဘီးအိုလေးနောက်က သူမလိုက်စီး ချောင်းစပ် လေးကို လေညှင်းခံလိုက်ပို့ပေးဖြစ်တယ်။ ဒါမှမဟုတ် သူမကြိုက်တဲ့ ပေါ့စိမ့်တစ်ခွက်လောက်ကို ဗန်ဒါရိပ်တွေကျနေတဲ့ ခုံပုပု စာပွဲဝိုင်းလေးရယ် ကတ်ဆံက သီချင်းသံလွင့်လွင့်ပျံ့နေတံ့ လက်ဖက်ရည်ဆိုင်လေးမှာ ကျနော်တို့ အတူတူ သောက်ကြတယ် ။ ယောက်ျားတစ်ယောက်ဟာ ရင်ထဲက ကိုယ်မသိလိုက်တဲ့ အချစ်တွေအတွက် တစ်စုံတစ်ယောက်ရဲ့ ( မိန်းမတစ်ယောက်ရဲ့ )လိုအပ်ချက်ကို လိုက်လျော မိနေတယ်ဆိုရင်တော့ သေချာစမ်းစစ်ကြည့်ပါ ခင်ဗျား ရင်ထဲ ပုန်းအောင်းနေတဲ့ အချစ်တစ်ချို့ကို တွေ့ရလိမ့်မယ် ။ဟုတ်ကဲ့...ကျနော်ဖွင့်ဆိုမိတဲ့ အချစ်ဒဿနမှာ ကိုယ်တိုင်လည်း မှိုင်းမိနေတယ်ဆိုတာကိုတော့ ကျနော်မကြာခင်ကပဲ သိလိုက်ရတယ် ။ ညည ဆိုရင် သူမရဲ့ ရယ်သံတွေကို ကျနော်ကြားရတယ် မျက်ဝန်းလှလှတွေကို မြင်နေရတယ် စကားသံ ချိုချိုလေးတွေကို တီးတိုးလိုက်ရွတ်ဆိုမိတယ် ။

ကျနော်ကိုယ်တိုင် ထိန်းချုပ်မရအောင် ခုန်နေတဲ့ ရင်ခွင်ကို မရဲတရဲ စမ်းကြည့်တော့....ဘုရားရေ့ ကျနော် သူမ ကိုချစ်နေမိတာများလား အချစ်ဆိုတာကို အမျိုးမျိုး ဖွင့်ဆိုခဲ့သလို အချစ်အကြောင်းပြောပြတဲ့ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကိုလည်း အကြိမ်ပေါင်းများစွာ ကျနော် နားထောင်ခဲ့ အကြံပေးခဲ့ဖူးပါတယ် ။ ဒါပေမယ့်...အချစ်ဆိုတာ ကိုယ်နဲ့ ဆွေမျိုးမတော်စပ်တဲ့ သူစိမ်းတစ်ယောက်လို ။ အခုတော့.............ဟင်အင်း ကျနော်ဆက်မတွေးရဲဘူး ချစ်နေတယ်ဆိုတာကို ကိုယ်တိုင် ၀န်မခံပါရစေနဲ့ အချစ်ဆိုတဲ့ တန်ဖိုးကြီး အရာတစ်ခုကို ၀ယ်နိုင်လောက်အောင် ကျနော်မချမ်းသာခဲ့ဘူး။

၃။
အချစ်ဆိုတာ
ချစ်နေရုံနဲ့ပြီးခဲ့မယ်ဆိုလျှင်
ကျေနပ်နိုင်တယ်ဆိုရင်
သေချာတယ် သင်ဟာအချစ်ကိုလှည့်ဖြားသူတစ်ယောက်ပါ။

အချစ်ဆိုတာ ကဗျာလှလှလေးတွေကို မွေးဖွားစေပါတယ်တဲ့ ကျနော်လည်း သူမအတွက် ကဗျာလှလှလေးတွေကို သံစဉ်မညီမညာနဲ့ ရေးစပ်ခဲ့ဖူးတယ် သိပ်ကိုကြည်နူးဖို့ကောင်းတာပေါ့ ရင်ဘတ်ထဲမှာ လှိုင်းစီးနေရသလို ၊ အကာသထဲ အတောင်ပံတွေဖြန့် အဝေးဆုံးကို ချစ်သူနဲ့ နှစ်ယောက်တွဲ လို့ပျံသန်းခဲ့ဖူးပါတယ်ဆိုရင်တော့ ကျနော်ဟာ စိတ်ကူးရဲ့ သားကောင်ပါပဲ ။သူမ အတွက်ရေးစပ်ခဲ့တဲ့ လက်ရေးမညီမညာ ကဗျာတိုတိုလေးတွေကို အရဲစွန့်ပြီး လက်ဆောင်ပေးခဲ့ရင်တော့ လွတ်လပ်ပေါ့ပါးနေတဲ့ သူမ မျက်ဝန်းတွေက တည်ငြိမ်သွားတတ်တယ် ။ ဒါဆို ...ကျနော် ချစ်နေတာကို သူမလည်းသိတယ်ပေါ့ ။ဒါပေမယ့် ပျော်ရွှင်တဲ့ အရိပ်ယောင်မပြတာ ဘာကြောင့်ပါလိမ် အဖြေကိုစဉ်းစားကြည့်မိတယ် ..နိုး ခေါင်းတွေပူလာတာက လွဲလို့ တိကျတဲ့ အဖြေထွက်မလာပါ။



ဒီနေ့ ကျနော် အချစ်စစ်မြေပြင်ကို တိုက်ပွဲထွက်တော့မယ့် စစ်သူကြီးတစ်ယောက်ရဲ့ အသွင်နဲ့ အဆောင်ယောင်တွေတော့ နည်းပါးစွာနဲ့ပါ အိပ်ကပ်ထဲက တစ်ထောင်တန် သုံးရွက် ၊ သူမသိပ်ကြိုက်တဲ့ အ၀ါရောင်နှင်းဆီစည်းလေး ကလွဲပြီး ဘာဆိုဘာမှ မပါခဲ့ပါ ။ နှလုံးသား ကုန်တင်ကားကြီးထဲမှာတော့ သူမသာ ဆန္ဒရှိရင် တစ်သက်စားလို့မကုန်မယ့် အချစ်တွေကို အပြည့်တင်ဆောင်ခဲ့တယ် ။ ကျနော်တို့အတွက် နေညိုချိန်က အချစ်ရဲ့ သင်္ကေတ တစ်ခုလို့ဆိုရမယ် သူမ နဲ့ကျနော် ညနေခင် နေခြည်တွေရွှန်းစိုနေတဲ့ အချိန်လေးမှာ စကားလုံးတွေ တိတ်ဆိတ် စွာနဲ့ ခပ်အိုအို အုတ်ခုံးလေးတစ်ခုမှာ ထိုင်ဖြစ်ကြတယ် ။ ပြီးတော့ ကျနော်ယူလာတဲ့ နှင်းဆီတွေကို သူမ ကိုလက်ဆောင်ပေးလိုက်တယ် ကျနော်ပြောမယ့်စကားကို သူမကြိုသိနေတယ်ဆိုတာကို ခန့်မှန်းမိပါတယ် ။

ကဗျာမဆန်စွာနဲ့ ခပ်ရိုင်းရိုင်းတောသားတစ်ယောက်အသွင်နဲ့ ချစ်ရေးဆိုမိတာက
“ကျနော်....ခင်ဗျားကို ချစ်တယ် ”
(သေစမ်းကွာ) ကျနော့်ကိုယ် ကျနော် ကျိန်ဆဲပစ်လိုက်တယ် သူမ စိတ်ဆိုးသွားရင်တော့ ဒုက္ခ။ သူမထင်ထားပြီးသား စကားကို ကြားရတာမို့ မထူးဆန်းသလို တဖြည်းဖြည်း ပြုံးရိပ်သန်းလာတယ် နောက်တော့ တစ်ခုခုကို အလေးနက်တွေးနေတယ်ဆိုတာ ကျနော်သူမ မျက်ဝန်းတွေက ကြိုးစားဖတ်နေမိတယ်။ သူမ သာ ငြင်းလိုက်လျှင် ကျနော် မမျှော်လင့်ရဲဘူး သူမရဲ့ တည်ကြည်ပြတ်သားတဲ့ စကားသံလေးတွေထွက်လာတယ် ။
“ ဒို့တွေ မချစ်သင့်ဘူးဆိုတာ မင်းလည်းသိမှာပါ ဒီလိုပဲနေသွားကြပါစို့ ”
“ဟင်းအင်..ကျနော် ဘာကိုမှ မမျှော်လင့်ပါဘူး ဘ၀မှာ ပိုင်ဆိုင်ခွင့်တွေ သိပ်မရှိခဲ့ပေမယ့် ခင်ဗျားဆီက အချစ်ကိုတော့ ကျနော် ရူးမိုက်စွာမျှော်လင့်မိတယ် ”
“ ဖြစ်မှ မဖြစ်နိုင်တာကွာ ”
“ ဘာကြောင့်လဲ...ပြောလေ အကြောင်းပြချက် ခိုင်လုံတယ်ဆိုရင် ကျနော့် စကားတွေကိုပြန်ရုတ်သိမ်းပေးပါ့မယ် ”
“တော်တော့ကွာ ”
စကားသံတွေ တိတ်ဆိတ်သွားတယ် သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေနေသံတစ်ချို့သာ ။ကျနော့်ရင်ဘတ်ထဲ အချစ်တွေနဲ့ မွန်းကြပ်နေတယ် ရူးမတတ်ပေါ့ အဲ့ဒီတုန်းက သိက္ခာတွေ စောင့်စည်းရမယ့် ၀တ္တရားတွေဆိုတာ ဘာမှမသိလိုက်ပဲ သူမကို ပျောက်သွားတော့မယ့် အရာတစ်ခုလို တင်းတင်းကြပ်ကြပ်ကြီးကျနော် ဖက်လိုက်မိတယ် ။ သူမလည်း ကျနော့်ကိုချစ်မှာပါ ချစ်နေမယ်ဆိုတာ မရေရာပေမယ့် အဖြေကို သိနေသလို ။ သူမ ဟန်ဆောင်တတ်တဲ့ မိန်းခလေးတစ်ယောက်မဟုတ်ပါဘူး ။သူမ ..အသံတိတ် မျက်ရည်တွေစီးကျလာတယ်...မငိုပါနဲ့ ချစ်သူရယ်( ပိုင်စိုးပိုင်နင်းသတ်မှတ်လိုက်ပါတယ် ) မင်းမျက်ရည်တွေ ကိုယ့်အတွက်တော့ မီးလိုပူလောင်လွန်းလို့ပါ ။

Sunday, July 25, 2010

ကျနော့်သူငယ်ချင်း ကဗျာဆရာ

၂၄ နှစ်ပြည့်ပြီ
ကျွန်တော် ဘယ်ကိုင်းမှာနားရမှာလည်း
သဲသဲကွဲကွဲ မသိ
ဘီယာဗူးခွံလွတ်တွေထဲ က
ပျော်ရွှင်ခြင်းတစ်ချို့ ရခဲ့တယ်
အရက်ပုလင်းခွံတွေထဲက ၀မ်းနည်းခြင်းတွေရခဲ့တယ်

အကောင်းစား စီးကရက်ဗူးခွံတွေထဲ
မလုံမခြုံ စိတ်လေးကို ၀ှက်ထားရင်း
ကျွန်တော်
ကမ္ဘာလောကကြီးကိုစိုးရွံ့စိတ်နဲ့ကြည့်နေရတုန်းပါပဲ
ရေခဲသေတ္တာထဲမှာ ဗော်ဒကာအရက်အပြင်းစားနဲ့
ချောကလက်တွေ ဒီနေ့မှာတော့ လွတ်ငြိမ်းချင်းသာခွင့်ပေးလိုက်တယ်
ပျော်ရွှင်ပါစေ မေမေ။ ။

ကျနော့်သူငယ်ချင်း ကဗျာဆရာ အရင်က ပေါတောတောတွေလိုက်ရေးနေတဲ့ ငကြောင်လို့ မှတ်ချက်ပေးထားမိပေမယ့် ခု ကျနော်ကသူ့ကို ကဗျာဆရာလို့ မှည့်ခေါ်လိုက်တယ် ။ ဘ၀ရဲ့ ခါးသီးခြင်းတွေကို ရင်ဆိုင် ခဲ့ရတာခြင်း မာကြောယောင်ဆောင်ထားပေမယ့် ပျော့ညံ့သလိုလို ဖြစ်ဖြစ်သွားတတ်တဲ့ တူကြတဲ့ ကျနော်တို့ သူငယ်ချင်း ၂ယောက်။ သူက ကျနော့်ကိုတွေ့ရင် လဒ လို့ အရင်နှုတ်ဆက်တယ် ကျနော်ကတော့ လှတပတ သူ့အသားရည်ကိုတင်စားတဲ့အနေနဲ့ မီးသွေးခဲလို့ခေါ်တယ် ။ ကျနော့်ထက် ငယ်ပေမယ့် မင်းနဲ့ငါ လို့ ခပ်တည်တည်ပြောတတ်ပါတယ် ဟေ့ရောင် ဒီနေ့ မင်းမွေးနေ့နော် ၂၄ ပြည့်တာဟုတ်ဆိုတော့ ဟုတ်လို့လား ငါထင်တာ အဲ့ထက် တစ်နှစ်ကြီးနေသလားလို့တဲ့ ပြီးတော့ သူများမွေးနေ့ဆိုလို့သာ လိုက်မွေးနေ့တယ် ငါ့ဘ၀မှ မွေးနေ့ဆိုတာ မှတ်မှတ်ရရ မရှိဖူးပါဘူးကွာတဲ့။

သူက သူ့ခံစားချက်တွေကို ကဗျာတွေနဲ့ ဖော်ကျူးတယ် သူချစ်တဲ့ ခင့် ကို ကဗျာတွေနဲ့ပဲ လွမ်းဆွတ်တယ် ။ ပြီးတော့ သူချစ်တဲ့ အမေကို လွမ်းလွမ်းဆွတ်ဆွတ် ရေးဖွဲ့လိုက်တဲ့ သူ့ရဲ့ အမေ ကဗျာတွေက ကျနော့်ရင်ထဲကို တည့်တည့်ဝင်သွားတဲ့ မျှားတစ်စင်းလိုပါပဲ ။

အမေ့ကို ပေးမယ့် မနက်ဖြန်

နိုင်ငံတကာ နျူစွမ်းအင်တွေနဲ့
လျှပ်စစ်မီးရောင်တွေကို
ဖောဖောသီသီသုံးစွဲနေချိန်
ကျွန်တော်ချစ်တဲ့ အမေ့ရဲ့အိမ်လေးက အလင်းရောင်မှာ
လေပြင်းပြင်းလေး တိုးဝှေ့တိုက်ခတ်သွားမှာကိုပဲ
စိုးရိမ်နေရ ပူပန်နေရ
မုန့်လေးတစ်ဖဲ့တစ်ချပ်လို
စိုပြေတယ်ဆိုတဲ့အရသာလေး ဘ၀ရဲ့ ထောင့်တစ်နေရာရာမှာ
ရှိလိမ့်နိုးလေးနဲ့ အနံ့လေးခံခံနေရ
ရာစုနှစ်များစွာထဲမှာ တိမ်းမြုပ်ကျန်ရစ်ခဲ့ပြီလား
အမေ့ရဲ့အိမ်လေး
အဝေးက ငေးနေရင်းနဲ့ပဲ လွမ်းရ
အဝေးက မျှော်ကြည့်နေရင်းနဲ့ပဲ ငေးရ
အဝေးက နေရင်းပဲ ဆွေးရ
အဝေးက နေရင်းပဲ ဆုတောင်းမေတ္တာတွေပို့သရ
ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းအိမ်မှာ
ဥတုသုံးလီက မိုးရာသီပါပဲ
မရှိခြင်းတွေ ခြိုးခြံနေရတဲ့ အမေ့အိမ်လေး
ခြေချနင်းမိတိုင်း
တကျွီကျွီမြည်နေတဲ့ အမေ့ရဲ့ကြမ်းခင်းလေး မနင်းရက်စရာ
ခုဆိုတော်တော်လေး ဇရာထောင်းနေရောပေါ့
ခြကလေးတွေ အိမ်ဖွဲ့လို့
တွင်းနက်ကလေးတွေလည်း ဖြစ်နေရောပေါ့
ဒဏ်ရာအနာတရလေးတွေနဲ့ ပွန်းပဲ့နေတဲ့ အမေ့အိမ်လေး
ဘာတွေနဲ့ ကုစားပေးရမတဲ့လဲ
အမေက ကျွန်တော့်ဘ၀လေးကိုပေးခဲ့တယ်
ကျွန်တော်က အမေ့ကို ဘာပြန်ပေးခဲ့ပြီးပြီလဲ
ဘယ်အရာတွေနဲ့ ပြန်အစားထိုးပေးခဲ့ပြီလဲ
မေးခွန်းပေါင်းများစွာ ပုစ္ဆာပေါင်းများစွာထဲမှာ
ကျွန်တော် မှိန်ဖျော့ဖျော့ ဓာတ်တိုင်
သွေးဆုံးနေတဲ့ အိပ်မက်
ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ စိတ္တဇ
အမေ့ကိုပေးဖို့ ရည်စူးထားတဲ့ မနက်ဖြန်က
အငုံအဖူးဘ၀လေးမှာပဲ တ၀ဲလည်လည်။ ။


ကျနော့်အတွက် မွေးနေ့လက်ဆောင်တုန်းကလည်း သူ့မှာပေးစရာဆိုလို့ ကဗျာတွေပဲ ရှိခဲ့ပါတယ်။ သူကသာ ကျနော့်အတွက် မှတ်မှတ်ရရ ရှိတတ်ပေမယ့် ကျနော်ကတော့ ဘာတွေမှန်းမသိပဲ မေ့မေ့နေတတ်တယ် ။ ဒီနေ့ သူ့မွေးနေ့ အမှတ်တရ တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် ဘာရေးရမှန်းလည်းမသိဘူး ။ မင်းသာ ငါ့နားတူတူ ရှိရင် ငါ့ဆီက ဘယ်လိုမျိုး လက်ဆောင်လိုချင်သလဲဆိုတော့ ။
““မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို
ခြံလေးတစ်ခြံလောက်ပေး ၊ စပျစ်ခြံဖြစ်ဖြစ်
လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ်
ခြံဆိုပြီးရောကွာ
စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ်
သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ်
သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ””

ဟုတ်ကဲ့ ကျနော်လည်း သူ့အတွက် စိတ်ကူးတွေနဲ့ ဆောက်ထားတဲ့ သစ်လုံးအိမ်လေး တစ်လုံးဆောက်ပေးလိုက်ပါရဲ့ လေထဲကအိမ်မို့ ခဏလေးပြိုမှာတော့ မြင်ယောင်သေး။ လူကြီးဆန်ဆန်နေတတ်ပြီး လူကြီးဆန်ဆန် စာတွေရေးတတ်ပေမယ့် တခါခါကျ ငပေါတစ်ယောက်ဖြစ်သွားတတ်တဲ့သူငယ်ချင်းရေ့ မင်းမွေးနေ့မှာ ငါက မင်းကဗျာတွေနဲ့ ဆားချက်နေတာ သိပ်တော့မဟုတ်သေးဘူးကွနော့်း) ။ ကဲ...မွေးနေ့မှာ ချစ်ရသော မီးသွေးခဲတုံးရေ့ ဒီထက်မက ခင်လေးက ချစ်ပါစေလို့ ပြီးတော့ မင်းတမ်းတ တဲ့ အမေ့ရဲ့ ထမင်းဝိုင်းလေးမှာ မင်းကြိုက်တတ်တဲ့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီဆမ်းလေး ကိုမြိန်ရေရှက်ရည်ပြန်စားနိုင်ပါစေကွာ ချစ်သောအမိမြေက မင်းပြန်လာမယ့် နေ့ကိုနွေးထွေးစွာနဲ့ ကြိုဆိုနေမှာပါ Happy Birthday ;) ။

Saturday, July 24, 2010

ချစ်သော ဖေဖော်ဝါရီ

အချစ်တွေ ဖေဖော်ဝါရီမှာဖူးပွင့်ခဲ့
ရေမလောင်း ပေါင်းမသင်
မျိုးစေ့မမှန်တဲ့ ဥယာဉ်မှူးစိုက်တဲ့အပင်မို့
ဒီအချစ်သစ်ပင်လေးက အရွယ်မတိုင်မှီ ညှိုးနွမ်းခဲ့ရ ။
အချစ်ဆိုတာ ထုထည်ကြီးမာလွန်းလို့
စကားလုံးတွေနဲ့ဖော်ကျူးလို့မရနိုင်လောက်အောင် ။
ချစ်နေတာက ချစ်နေရုံနဲ့မပြီး
အချစ်တစ်ခုတည်း နဲ့ မလုံလောက်တာကို
ချစ်တဲ့ ဖေဖော်ဝါရီ က သင်ပေးခဲ့တယ် ။
ဖေဖော်ဝါရီ ကိုချစ်ရေးဆိုခဲ့တယ်
ဖေဖော်ဝါရီ ကအချစ်တွေပြန်ပေးခဲ့တယ်
ဒါပေမယ့်လေ ပေးခဲ့တာနဲ့ မတန်အောင်
သူမ ပြန်ယူသွားတာ
ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊သိမ်ငယ်ခြင်း ၊
မာနရဲ့ နောက်ဆက်တွဲနဲ့ မုန်းလို့မရတဲ့ နာကျင်ချစ်ခြင်းတွေပါ ။
ထားခဲ့ဖေဖော်ဝါရီ
တို့တွေ ငိုသော မျက်လုံး ပြုံးနေတဲ့ မျက်ဝန်းတွေနဲ့
နောက်ဆုံးနှုတ်ဆက်စကားတွေ ပြိုင်တူ ဆိုမိကြတယ်
“လွမ်းနေပါ့မယ် ” တဲ့
မင်းကိုငါ မုန်းမေ့ချင်တယ် “ဖေဖော်ဝါရီ ” ။

Wednesday, July 21, 2010

အရင်တုန်းက - အခု

အရင်တုန်းက မောင်မျိုး နဲ့ အခုမောင်မျိုး ဘာတွေများ ကွာခြားသလဲ တွေးကြည့်မိတယ် အသက်လေးက ရသလို အတွေ့အကြုံတွေကလည်း များလာတယ် ။ ဘလော့ပေါ်မှာလည်း တူတူပဲပေါ့ ပျော်ခဲ့ရတဲ့ အမှတ်တရတွေ ရှိသလို စိတ်ပျက်ခဲ့ရတဲ့ နေ့တွေလည်း ရှိတာပါပဲ ။ အရင်တုန်းက ဘလော့ဂါ မောင်မျိုး 2007 ရွှေဝါရောင်မတိုင်ခင်လေးမှာ ဘလော့ဆိုတာကိုသိတယ် အဲ့တုန်းက နိုင်ငံရေး အကြောင်းမရေးရင် မျိုးချစ်စိတ်ဓာတ်မရှိသလို ဖြစ်နေတဲ့ ဘလော့ယဉ်ကျေးမှုကြားမှာ ဟိုဘလော့ကိုဝင် ဆီပုံးမှာ *** ကြည့်မရတဲ့ ဘလော့တွေပြောတာပါ ။ ကိုမောင်လှ ၊ မနိုင်း ၊ မအိမ့်၊ မလေးမ ၊မျှားပြာ ၊ မဂျစ်တူး တို့ဘလော့တွေကို နေ့တိုင်းဝင်ဖတ်ဖြစ်တယ် ပြီးတော့ ဆီပုံးမှာ စကားတွေဝင်ပြော အဲ့တုန်းက ဆီပုံးယဉ်ကျေးမှုလေးက ချစ်စရာကောင်းပါတယ် ကော့မန့် တစ်ခုချင်းဆီကို ရီပလိုင်း ပြန်လုပ်ပြီး တော့ ပျော်ပျော်ရွှင်ရွှင် စကြ နောက်ကြ အခုကတော့ ကိုယ်က နှုတ်ဆက်လိုက်ပေမယ့် ကိုယ့်ကို ကျော်ပြီး ရီပလိုင်းပြန်တတ်ကြတဲ့ ဆီပုံးယဉ်ကျေးမှု သူတို့ပါသာ သူတို့ ပြောချင်တာပြောနေကြတဲ့ အတွက် ဆီပုံးတွေမှာ စာမရေးဖြစ်တာကြာပါပြီး။

အရင်တုန်းက ကော့မန့်လေးတစ်ကြောင်း မက်ဆေ့လေးတစ်ခု ကြောင့် လွယ်လွယ်ခံစား ပြီး တကယ့်အပြင်မှာပါ စိတ်ညစ်ရတာတွေကို အခုနေပြန်စဉ်းစားတော့ ရယ်စရာ ဟာသလေးတွေကို ဖြစ်လို့ပါပဲ ။ အမှန်ကတော့ ဘလော့ဂါ လုပ်မယ်ဆိုရင် အရည်ပြားထူမှုဖြစ်မှာပါ ဝေဖန်ခံနိုင်ရမယ် ၀မ်းစာအတွက် စာရေးနေတာမဟုတ်တဲ့အတွက် ကိုယ်ကလည်း ပညာရှင်မဟုတ်တဲ့အတွက် ပြောချင်တာပြောပါစေလို့ ခုတော့ စိတ်ကိုလွှတ်ပြီး သံယောဇဉ်မပြတ်စွာနဲ့ပဲ ဘလော့ပေါ်ကို အခြေနေ အကြောင်းကြောင်းကြောင့် ပြန်ရောက်လာပေါ့ ။ အရင်က ကော့မန့်ရမှ ကိုယ်က နာမည်ကြီးသလိုလို တကယ့်ဂုရုဘလော့ဂါကြီးလိုလိုပေါ့ အခုတော့ နောင်တစ်ချိန် အသက်တွေကြီးလာရင် အော် ..ငါ ဒီအရွယ်တုန်းက ဒီလိုစိတ်မျိုးနဲ့ ရေးခဲ့တဲ့ စာလေးပါလား ဒီကော့မန့်ပေးခဲ့တဲ့သူက ခုလောက်ဆို အဖိုးကြီး အဖွားကြီးဖြစ်လောက်ပြီး နေ၀သန် ၊ ညီဖြိုး တို့ဆိုရင် မိန်းမတွေ ဘယ်နှစ်ယောက်လောက်များရနေမလဲ အဲ့လို အတွေးလေးတွေးနေမိတယ်း) ။ တကယ်ပါ ဟိုးအရင် မောင်မျိုး ရင်းတွင်းဖြစ် မှာ ရေးခဲ့တဲ့ ပို့စ် တွေ ၃၀၀ ကျော် ပျက်သွားဖူးတယ် အဲ့အချိန် အဲ့တုန်းက ရေးခဲ့သလိုမျိုး ကျနော်ပြန်မရေးတတ်တော့ပါဘူး။

အရင်က မောင်မျိုးက ဈေးသွားလို့ အလွဲလေးဖြစ်ရင်တောင် ပို့စ်တင်ဖို့ စိတ်ကူးမိတယ် အခုတော့ အိုးး.......တော်ပါပြီလေ ပေါတောတော အလုပ်တွေ လျှော့မှလို့ ပြန်ဆင်ခြင်မိတယ် ။ ဟိုတုန်းက ဘလော့ပေါ်က ခင်ခဲ့တဲ့ ကြွက်မိသားစုလေးမှာ ကျနော် နဲ့ မီ ပဲ စာတွေ ဆက်ရေးနေဖြစ်ပေမယ့် မလေးမ ၊ ကိုတင့် ၊မျှားပြာ ၊ ညိမ်းညို ၊ မွန် တို့ကတော့ အခုနေ ဘယ်နေရာမှာ ဘာတွေလုပ်နေလို့ အရင်တုန်းက ကြွက်မိသားစုလေးကို သတိများရပါလေစလို့ လူကြီးမဆန်စွာနဲ့ စိတ်မကောင်ြးုဖစ်မိတယ် ။အိမ်ပြန်တော့မယ် ညီလေးရေ နှုတ်ဆက်ခဲ့တယ်တဲ့ ကဗျာဆရာ ကိုတင့် က ပြောတယ် အက်ဆေးတွေအရေးကောင်းတဲ့ ကိုအိပ်မက်နက်ကတော့ ထွက်ခွာချိန်မှာ သူ့ရဲ့ညီအစ်ကိုတွေထဲ ကိုယ့်ကိုထည့်သွားတာတွေ့တော့ ဘလော့ပေါ်မှာလည်း ညီနောင်သံယောဇဉ်တွေရှိနေပါသေးလားလို့ ။

ဘလော့ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တစ်ခုဆိုရင် ကျနော်တို့ အချဉ်ပေါက်ခွင့်ရှိတယ်မှတ်လား ဘလော့ဆိုတာ အချစ်အတွက် စာလွှာဆိုရင် ချစ်သူကိုကော စာလွှာပါးခွင့်ရှိတယ်ဟုတ် တစ်ခါခါ ဘလော့ဆိုတာ virtual ဆန်ပေမယ့် တစ်ခါခါတော့ Real Feeling တွေ ဖြစ်ဖြစ်သွားမိတယ် ။

Monday, July 19, 2010

အာဇာနည်နေ့ အမှတ်တရ (2008)


လွတ်လပ်ရေးဖခင် အဲ့ဒီနေ့ မှာ ကျဆုံးခဲ့ရတယ် ။ ဘယ်တော့ မှမေ့မှာမဟုတ်တဲ့ နေ့ တစ်နေ့ ပေါ့ ကျနော်တို့ ဘ၀တွေ အမှောင်ထုထဲကျရောက်စေတော့မယ်ဆိုတာကို ရှေ့ပြေးနမိတ် ပြခဲ့လေရော့သလားး ပြန်စဉ်းစားတိုင်းရင်နာမိတယ် ။ တစ်ခါခါ လူပျင်းအတွေးနဲ့  သူသာရှိခဲ့လျှင် ဒါမှမဟုတ် အသက်ရှည်ရှည်နေခဲ့ရလျှင် ငါတို့ တွေ အခုလို မိဝေး ဖဝေး သူတစ်ပါးမြေမှာ မျက်နှာငယ်ရမှာမဟုတ်ဘူးလို့  တွေးမိတယ်။ အခုများတော့ ဒီလူမျိုးဆိုတာနဲ့  သူတို့ တွေ ရဲ့ မျက်နှာတွေက မနှစ်မြို့ သလိုလိုနဲ့  သိပ်ကိုခံရခက်တယ် ။ လွတ်လပ်ရေးဖခင်ရဲ့ ရုပ်ပုံကို မြင်လိုက်ရရင်ပဲ ရင်မှာနွေးထွေး ငါတို့ မှာ ဒီလို ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိခဲ့ဖူုးတယ်ဆိုတာ ဂုဏ်ယူမဆုံးဖြစ်မိတယ် ။ သူ့ ရဲ့ အငွေ့ သက် နဲ့ လုပ်ရပ်တွေက ရာဇ၀င်မှာ စာတင်လောက်ပါပေတယ်။



ရန်ကုန် ( ၂) ရက်ခရီးလေးမှာ အခုလို တိုက်တိုက်ဆိုင်ဆိုင်နဲ့  အမြဲတမ်းရောက်ဖူးချင်တဲ့နေရာကိုရောက်ခွင့်ရခဲ့တာ အရမ်းကို ၀မ်းသာမိပါတယ်။ အဲ့ဒီနေ့ က လွမ်းစေ နဲ့ ကျနော် အစ်မ ဘာညာတို့  ရုံးနားက ထမင်းဆိုင်မှာ တူတူစားကြတယ် ခဏကြာတော့ ကိုဂေါက်၊ ကိုဖိုးသူတော် ၊မဘာညာ တို့  ၃ ယောက် ထမင်းဆိုင်ထဲကိုလာပြီး နှုတ်ဆက်ကြ ထမင်းတူတူစားကြ ပြီးတော့ သူတို့  အားဇာနည်ကုန်း သွားမယ် လိုက်မလားတဲ့ ကျနော်ထင်တာ အဲ့နေရာကို သွားလို့ ကောရရဲ့လားလို့  ဒီနှစ်မှ ပေးဝင်တာတဲ့ ပိတ်ထားတာ ၉၀ ခုနှစ်ထဲကလို့ ပြောတာပဲ ဒါနဲ့  စိတ်ကူးထဲမှာ အရမ်းသွားချင်နေတဲ့ နေရာကို လိုက်သွားတယ်။ ကိုစိုးဇေယျ ပါေ၇ာက်လာပြီး MBS မှ ဘလော့ဂါ ၆ ဦး Taxi တစ်စီးကို ပြွတ်သိပ်နေအောင် စီးပြီး အာဇာနည်ကုန်း သွားကြတာပေါ့ ။

အင်းးး.....ပြောချင်တာတွေ မြိုသိပ် ရေးချင်တာတွေကို စာရွက်ပေါ်မှာပဲ ခြစ်ပြီး ရေးပါတော့မယ်ခင်ဗျာ :) ပါလာတာတွေ အကုန်ချွတ်( အ၀တ်စားမှလွဲ၍ပေါ့ ) နာရီ ၊ ကင်မရာ ဘာဆို ဘာမှ ယူသွားလို့ မရပါ။ သွားတာက ၆ ယောက် မေးခွန်ကြီး ၄ ခွန်း( အမည်၊မှတ်ပုံတင်၊ နေရပ် ၊ အဖအမည်၊ ) ဘာဘာညာညာ အာလူးဖုတ်တာတွေ ဖြေ၊ ဟိုနှိုက် ဒီနှိုက် အနှိုက်ခံပြီး သကာလတော့ ၀င်ခွင့်ရသွားပါတယ်ခင်ဗျာ။ အားရိုးးရိုးး အဂုင်္လိမာလ လို ဆွဲကြိုးကြီးတွေနဲ့  များလိုက်တာ မီးသတ်ဆိုတာ ရေပိုက် ခေါင်းပဲ ကိုင်တယ်ထင်နေတာ အခုတော့ ပြောင်းကြီးတွေနဲ့  ကြက်သီးထစရာ ကားတွေပေါ်မှာကော လမ်းဘေးဝဲယာတွေမှာကော များလိုက်တာ ပါသေးတယ် စွမ်းအားသေတွေ တစ်နေ့  ဘယ်လောက်ရလဲတော့မသိ( မရေးပါဘူးဆို ရေးမိပြန်ပြီး) ။ မိုက်တော့မိုက်သား ကိုယ့်အဆင့်နဲ့ ဆို သက်တော်စောင့်တွေ ဘာတွေ ဘယ်ရှိမတုန်း အခုတော့ သက်တော်စောင့်တွေနဲ့  ကြိုပို့ လို့ ပါလားး ။

ဗိမ္မာန်ရှေ့လည်းရောက်တော့ ကျနော်တို့  ၆ယောက် အဖွဲ့  ( ကိုဂေါက်၊ ကိုဖိုးသူတော် ၊ကိုစိုးဇေယျ၊ မဘာညာ၊ ကျနော် ၊ လွမ်းစေ) ဓာတ်စက်မှ အလေးပြုဖို့ ကြေငြာတော့ အလေးပြုကြပါတယ် ဟိုဟိုဒီဒီ လျှောက်ကြည့်ချင်ပေမယ့် လုံခြုံရေးတွေ အရမ်းများတော့ မကြည့်တော့ပဲ ပြန်ခဲ့ကြတယ် ။ အလေးပြုနေတဲ့ ပုံက အထဲကို ကင်မရာ လည်း ယူသွားလို့ မရပဲနဲ့  ဘယ်လို ထွက်လာတာလဲမသိ ။ ပြီးတော့ ကျနော်တို့  ဗိုလ်ချုပ်ပြတိုက်ကို ဆက်လက်ချီတက် လမ်းဘေးမှာ မနက် ဘယ်အချိန်ထဲကစောင့်နေရတာလဲမသိ ခြံစည်းရိုးကို ခေါင်းမှီုပြီး အိပ်ပျော်နေတဲ့ သူလည်းတွေ့ ရပါ့း) စုံနေတာပါပဲ ။

ဗိုလ်ချုပ် အိမ်းဝန်းနားရောက်တာနဲ့  “အာဇာနည်နေ့ ကိုဖြင့် မမေ့အပ်ပါပေ” ဆိုတဲ့ သီချင်းလည်းကြာတော့ ရင်ဘတ်ထဲက ဆို့ တက်လာလိုက် အဲ့ဒီအချိန်က ခံစားချက်ကို ပြောပြလို့ တောင်မတက်ဘူးး အိမ်ဝမှာ တစ်ခါစစ် ပြီးတော့ အိမ်ဝန်းထဲကို ၀င်ကြည့်ကြတယ် လုပ်ကြံခံရတဲ့နေ့ အထိ အသုံးပြုခဲ့တဲ့ကားကိုတော့ ခြံဝမှာပဲ တွေ့ ခဲ့တယ် ။အိမ်ထဲကိုဝင်တော့ ထမင်းစားခန်းဘက်ကိုအရင်ရောက်တယ် ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်ပုံများ ကိုပြသထားတယ် အဲ့နေရာမှာ ကျနော့်စိတ်ကိုဆွဲဆောင်သွားတဲ့ အရာလေး နှစ်ခုရှိခဲ့တယ် ထမင်းစားဝိုင်းက “ပဲပြုတ်နဲ့  နံပြားရရင် စားချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်လက်ရေးနဲ့ စာ ၊ နောက်တစ်ခုက ဧည့်ခန်းက ဗိုလ်ချုပ်အမြဲနားထောင်ခဲ့တဲ့ ရေဒီယို ပါပဲ ။ အိမ်အပေါ်ထပ်ကိုတော့ ဆွေးနေလို့  တက်လို့ မရပါဘူးး ပိတ်ထားပါတယ် ပြီးတော့ ကြေးနဲ့  ပြုလုပ်ထားတဲ့ ဗိုလ်ချုပ်ရုပ်တု တစ်ခု နွေးထွေးလိုက်တာ သူ့ ရဲ့ ပုံရိပ်တွေက ကျနော်တို့ ရဲ့ နှလုံးသားကို ထာဝရနွေးထွေးစေမှာပါပဲ ။

နားထောင်ခဲ့ရတဲ့ သီချင်းလိုပေါ့ “အာဇာနည်နေ့ ကိုဖြင့် မမေ့အပ်ပါပေ” ဆိုတဲ့ အတိုင်း ဘယ်သူတွေက ဘယ်လိုတွေ ပြောပြော ဘာတွေပဲ ဖြစ်နေနေ ကျနော်တို့ ရဲ့စိတ်ဝိညဉ်ထဲမှာတော့ အဲ့ဒီနေ့  ဇူလိုင် (၁၉) က နာကျင်စွာနဲ့  အမှတ်ရနေမှာပါ ။
“ဗိုလ်ချုပ်အောင်ဆန်း နဲ့  တကွ ကျဆုံးလေပြီးသော အာဇာနည် အပေါင်းအား ထပ်မံအလေးပြုပါတယ်ခင်ဗျာ ။ခင်မင်ခွင့်ရခဲ့သော လိုက်ပို့ ပေးခဲ့ကြသော လွမ်းစေ နှင့် ကိုဂေါက်တို့ အဖွဲ့ ကို ကျေးဇူးအထူး ။

Sunday, July 18, 2010

မောင်

ကြေကွဲပက်လက်
ဝမ်းနည်းမှောက်ခုံ
အသဲကို ပါးပါးလှီး
ငရုပ်ဆီနဲ့ တို့ စား ခံရသလို
ချစ်သူက မထားခဲ့ပါနဲ့  “မောင် ” ရယ်တဲ့
မကြိုက်ဘူးဆို နှဖူးကလေးတောင်မနမ်းတော့ပါဘူးဆိုပဲ
ဘယ်လိုလုပ်ရပါ့.....?????

Friday, July 16, 2010

ယူတော့ ယူချင်သား


ယူတော့ ယူချင်သား ဒါပေမယ့် ရန်အောင် သီချင်းထဲကလို ဒီငရုပ်သီးလေးစားမိသလို ရင်ထဲပူပြီးတကယ်စပ်မှာလည်း ကြောက်တယ် ။ အမေကတော့ ပြောသား မိဘတွေမရှိတော့ရင် ကိုယ့်ဘ၀နဲ့ကိုပဲ ကောင်းတယ်တဲ့ ။ ဟုတ်တော့လည်းဟုတ်ပါတယ် တူ /တူမတွေ ဆိုတာကလည်း ကိုယ်ရှာနေတုန်း ပေးနိုင်နေတုန်းတော့ ကောင်းမှာပေါ့ ကိုယ်က အသက်တွေကြီင်္းလား ဘာမှမလုပ်နိုင်ပဲ ကဂျီကချောင်များတဲ့ လူပြိုကြီးဆိုရင်တော့ ဒီလူကြီး ဂန့်ကို မဂန့်နိုင်ဘူးလို့ သူတို့စိတ်ထဲများတွေးမိသွားရင် ငရဲတွေကြီးကုန်ကြပါအုံးမယ် ။ အိမ်ထောင်ပြု ခလေးမွေး ကိုယ့်ရင်သွေးလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ဘ၀ရဲ့ မောပန်းခြင်းတွေကို ဖြေသိမ့်ဖို့က အကောင်းဆုံးနည်းလမ်းပါပဲ ။ ဒီလမ်းကို သိရက်နဲ့ ဘာကြောင့်မလျှောက်ဖြစ်တာပါလိမ့် အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေကို မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာပဲ ကွဲတဲ့သူ ခလေး ၂ယောက်လောက်နဲ့ စီးပွားရေး အဆင်မပြေတဲ့သူတွေ ။ အဲ့တာကြောင့် အဲ့လမ်းကိုမလျှောက်ဖြစ်တာမဟုတ်ပါဘူးလို့း) လျှောက်ချင်ပေမယ့် ခု ချိန်ထိ လမ်းမဖောက်ရသေးလို့။

လမ်းဖောက်ဖို့ကလည်း ဘော်လီစာကြီးလည်းမရှိ လူငှားနဲ့လည်း အဆင်မပြေ တော်ကြာ သူ့ပါသာသူဖောက် သူ့ပါသာသူ လျှောက်သွားမှ ပလန်လက် ပက်လန်တွေ လန်ကုန်အုံးမယ် ။ တကယ်တော့ ကိုယ့်အခြေနေကလည်း မိန်းမတစ်ယောက် ယုံကြည် နိုင်လောက်တဲ့ အနေထားမရှိသေးတာလည်း အမှန်ပါ ။ ပိန်ညှောင်ညှောင် ပျော့စိစိ ကျနော့်လိုကောင်မျိုးကို ဘယ်သမီးရှင်ကမှလည်း ဒီကောင် ဘာကြောမှမတင်းဘူးလို့ တွေးမိကြမှာ အမှန်ပါပဲ ။ မိဘနောက်ခံကလည်း အငယ်ဆူုံးသားလေးမို့ သမီးရှင်တွေ ကိုစိန်တစ်ဆင်စာ ငွေ ၇ အိတ် ( ကြွတ်ကြွတ်အိတ် ) နဲ့ တင်တောင်းနိုင်မှာမဟုတ်ဘူုး ဆိုတော့ အင်း..... တော်ပါပြီ အမေရာ ကျနော့်ပါသာ အေးဆေးနေမယ်လို့ ခပ်တင်းတင်းလေးနဲ့ ပြောလိုက်တယ်း) စိတ်ထဲကတော့ အင်း မိန်းမတော့ ယူအုံးမှလို့ ။အသွင်တူ မတူဆိုတာကတော့ သိပါဘူး ကျနော် ညစ်ပတ်တိုင်း သူလိုက်ညစ်ပတ်ရင်တော့မဟုတ်သေးဘူးလေ အိပ်ရေးကြီးတိုင်းသာ သူလည်း အိပ်ရေးကြီးရင် ဒီလင်းမယား အားတိုင်းအိပ်နေတယ်ဆိုပြီး ပတ်ဝန်းကျင်က 90 ဒီဂရီလောက်စောင်းပြီး မြင်ကြမှာကလည်း မလွဲဧကန်ပေါ့ ။

မျှစ်ကြိုက်တတ်တဲ့ သူနဲ့ ဗိုက်အောက်တတ်တဲ့ ကျနော်ကလည်းမဖြစ်သေး ။ ငါးပိကြိုက်တတ်တဲ့ကျနော်နဲ့ အနံ့ဆိုးဆိုးတွေရရင် ခေါင်းမူးတတ်တဲ့ သူက ပြဒါးတလမ်း သံတလမ်း ။ ပိန်တဲ့ ကျနော်နဲ့ ၀ချင်လာတဲ့သူ ခင်ဗျား ထမင်းလျှော့စားတော့ ၀ရင် မကြိုက်ဘူးလို့ ပြောတိုင်း ထမင်းများများစားစမ်းပါ 7 ရက် ထမင်းမစားရတဲ့ ဒီလိုဗလမျိုးနဲ့ ဘယ်လိုများ အားကိုးရမလဲလို့ ပြန်ချေပမှာကတော့ ကျိန်းသေပါပဲ ။တစ်ယောက်စိတ်ဆိုးတိုင်း ဘယ်သူက အရင်စချော့ရမလဲဆိုတာ မသိတာချင်းလည်း တူတယ် ။ အဖြူရောင်ကြိုက်တာချင်း တူသလို ကော်ဖီကြိုက်တာချင်းလည်းတူတယ် ခလေးလိုချင်တာချင်း လည်းတူပေမယ့် တစ်ယောက်ပဲ လိုချင်တဲ့သူနဲ့ အမွှာပူး လိုချင်တဲ့ကျနော် ဘယ်ဆီနေမှန်းမသိတဲ့ မုန့်ဆီကြော်ကို နှုတ်ခမ်းသပ်နေတဲ့ ကြောင်အိုကြီးအဖြစ်နဲ့ တူနေသလိုပဲး) ။အိမ်ထောင်ပြုဖို့ကတော့ မြန်မာပြည်မှာ လမ်းတံတားတွေဆောက်သလိုမျိုးပေါ့ ရေရှည်စီမံကိန်းပါ ။ တည်မြဲတယ်ဆိုတာ မတည်မြဲခြင်းတစ်ခုတည်းရှိတာမို့ ဘယ်အရာကိုမှ အချစ်တွေ အနှစ်တွေဆိုတာကိုလည်း ပုံသေမတွက်ထားတော့ပါဘူး အိမ်ထောင်တော့ပြုမယ် တူတာတွေမတူတာတွေ နောင်ခါလာ နောင်ခါဈေးပေါ့ ဒီလို ညှိညှိရင်း နောက်ဆုံးတော့ လုံးပါးပါးသွားကြမှာပါပဲ ။ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ ချစ်ခြင်းတွေ တူဖို့ပါပဲလေ ဟုတ်တယ်မှတ်လား ။

ပြောမယ့်သာ ပြောရတာ ကျနော့်ရဲ့ နှစ်ရှည်စီမံကိန်းက ကိုလင်းဒီပ ရဲ့ ညစာစားပွဲ ကဗျာထဲကလို ““သုံးဆယ်ကျော်မှာ ကျွန်တော်တို့က ဘဝကို နည်းနည်း ရိပ်မိလာသလိုပဲ ”” အင်း အဲ့လိုရိပ်မလို့ အခြေနေမဟန်ဘူး အမြန်ယူမှလို့ ဆုံးဖြတ်လိုက်ရင်တော့ ကျနော်လည်း ၃၀ ကျော် သူလည်း ခေါင်းတွေဖြူလောက်ပြီး ။ ဟဲလေး သီချင်းထဲက စာသားအဆိုင်းဆိုရင်တော့ ဘာဖြစ်ဖြစ်ချစ်တယ် ဆံပင်တွေဖြူလည်းပဲ ချစ်တယ် ဆံပင်တွေမရှိလည်းပဲချစ်တယ် ။

တကယ်တော့ဒီပို့စ်က အိမ်ထောင်ရှင် ဘလော့ဂါများအတွက်သာ ရေးဖို့ကောင်းတဲ့ပို့စ်လေးပါ အစ်မသက်ဝေ စလိုက်တဲ့ ဒီပို့စ်လေးကို အရမ်း(အရမ်း) ခင်ရတဲ့ အစ်မကြီးစန်ဒါက ကြောင်ကလေး ရေ ရေးပေးပါဆိုလို့ ၀ မရှိပဲ ၀ိ လုပ်လိုက်ပါတယ်ခင်ဗျား ကျေးဇူးပါ အစ်မကြီးရေ ၀ိ လုပ်ခွင့်ပေးတဲ့အတွက် :P ။

Wednesday, July 14, 2010

သေခြင်းတရား နဲ့ ချစ်ခြင်း


ပန်းတစ်ပွင့် မျက်ရည် ငိုသံနဲ့
အဆိပ်တောက်မဲ့ အမုန်းတွေကြားမှာ
လူးလိမ့်ရင်း
ဟိုး ခပ်ဝေးဝေးကို ကျနော် မျှော်ငေးကြည့်လိုက်တယ်
အဲ့ဒီ ကျနော့်ရဲ့ နိဗ္ဗာန်ဘုံလေးမှာ
သေခြင်းတရား နဲ့ ချစ်ခြင်းတွေပဲရှိတယ်
ချစ်ခဲ့ဖူးတဲ့ ကောင်မလေးရေ
ဒီမှာ မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ ပျောက်ခါနီးတော့
ငါ့ နှလုံးအိမ်ကလည်း လေသံမာမာနဲ့ စကားတစ်ခွန်းပါးလိုက်တယ်
“အချစ်ဆိုတာ တကယ်တော့ တစ်ဘ၀စာလုံးအတွက် အရေးမကြီးပါဘူး” တဲ့
ကဲ ..ချစ်ခဲ့ဖူးသူ မင်းကော ဘယ်လိုထင်လဲ ????



P>S = ကဗျာလို့သာ Label တပ်ထားတာ ကဗျာလည်းမဟုတ်တဲ့ စကားလုံးတွေပါ ဒီနေရာမှာတော့ ရေးချင်တာတွေရေးနေမိတယ် အပြင်မှာ ပြောဖို့နေပူနေလို့း) ။

Tuesday, July 13, 2010

မောင်လွဲ

လွဲတာကတော့ ပြောမနေနဲ့  သီချင်းထဲကလို လွဲလွဲလေးလည်း ကောင်းပါတယ် ကောင်းကောင်းလေးပဲ လွဲပါကွယ် ဆိုရင်တော်သေးတာပေါ့ အခုတော့ ရည်းစားလွဲ အလုပ်မှာလွဲ တရားခွေ ပြဿနာ လွဲ ၊ လွဲတာတွေကတော့ ပြောရင်ကုန်မှာကိုမဟုတ်တော့ဘူးး ဒီတစ်ခါအလွဲကဗျာ ပြောကိုမပြောချင်တော့ဘူး( ပြောချင်လွန်းလို့ အိုင်တင်ခံတာ အဟမ်း အဟမ်း :P ) လွဲတာကိုမပြောခင်လေး ကျနော် ရဲ့ ဆန်းဒေး ပိတ်၇က်လေးကို အရင်အစီရင် ခံမှာဇတ်လမ်းကရေလည်မယ်ထင်တယ် ။


ပိတ်ရက်မတိုင်ခင် စနေနေ့ ညဆိုရင် ဘလော့တွေအများကြီးလိုက်လည် ပြီးရင် တီဗွီကြည့် အိပ်ယာဝင်လို့ နာရီကိုကြည့်လိုက်ရင် အချိန်က မနက် ၁ နာရီကျော်နေပြီး ပေါက်ဆိန် ၃ ချက်ပေါက်( အဲ့လောက် ဘာသာတရား ကိုင်းရှိုင်းတာ) မနက်စောစော ထစရာမလိုတော့ စိတ်ကြိုက်ပေါ့ အေးဆေးပဲ မနက်အိပ်ယာထရင် ၁၁ ကျော်နေပြီး ဗိုက်ဆာလိုက်တာ ရေတစ်ခွက်သောက် သွားမတိုက်ဘူး ဟီးး ရေခတွေကုန်မှာစိုးလို့  နောက်တော့ ဘယ်တော့မှ မရိုးတဲ့ ဂေါ်ဘီနဲ့  ၀က်သားကြော်ကိုစား နေ့ လည် ကိုးရီးယားကားကြည့် တစ်ခါ သီချင်းလေး နားထောင်လိုက် စာအုပ်လေးဖက်လိုက် ရေ လုံးဝမချိုဘူး ကိုယ်သင်းရနံ့ ကတော့ မွှေးကြိုင်နေတာပဲ မနက်က မသိမ်းခဲ့တဲ့ အိပ်ယာထဲပြန်ဝင် တစ်ခါ ပြန်အိပ်နဲ့  နာဂါးမင်း စည်းစိမ်း ခံစာနေတာပေါ့ဗျာ ။

စပါပြီး အလွဲ စောနကလေးတင်ပဲ တစ်နေ့ လုံးရေမချိုးထားရတော့ တစ်ကိုယ်လုံးညောင်းချိနေတာပဲ ရေချိုးခန်းကို အကြာကြီးဝင်ပစ်လိုက်တယ် သူများတွေ အားလုံးချိုးပြီးတဲ့ အချိန်မှ ချိုးတာဆိုတော့ ည ၁၀ နာရီထိုးနေပြီး ကိုယ်တော်ချော က အေးအေးဆေးဆေး ရေချိုးခန်းထဲမှာ ပုပ်ဆော်နံနေတဲ့ ကိုယ်ကြီးကို သန့် စင်နေတာ နာရီဝက်ကြာတယ် ချိုးပြီးတော့ တံခါးကိုလည်းဖွင့်ကော မရတော့ ဘူးး ကျနော် ရေချိုးခန်းတံခါးကို ပိတ်လိုက်တာ အရှိန်နဲ့  တံခါးက လော့ ကျသွားတယ် အောင်မငီး တေပါပြီးဗျာ အားလုံးအိပ်နေကြတဲ့ အချိန် ရေချိုးခန်းထဲမှာ ဘီလိုလုပ်မတုန်း ကိုယ့်ပါသာလည်း ကြိုးစားပြီးဖွင့်နေတာပဲ မရး( ဒုက္ခပါပဲနော်။

အောက်မှာ ထမင်းစားတဲ့ သူတွေ တီဗွီကြည့်နေတဲ့ သူတွေ အသံကြားရတော့ ရေကန်ဘောင်ပေါ်တက် အစ်မတစ်ယောက်ကိုအော်ခေါ် ဟူးး မောလိုက်တာနော် ခေါ်လိုက်ရတဲ့ “ အဖိ ” ဖိလွန်းလို့  အရည်ပါ တောက်တောက်ကျနေပြီး အခွန်း ၅၀ လောက်ကျမှပဲ ကြားတော့တယ် ။လူကလည်း ချမ်းနေပြီး စိတ်ကလည်းတို ဒီလောက်တောင်လွဲနေတာ သူတို့  လာဖွင့်တော့လည်း မရ ခြံထဲက ဦးလေးကြီး တံခါးဂျက်ကို ထုမှပဲ ပွင့်တော့တယ်ဗျာ တံခါးဖွင့်နေတာ တစ်နာရီနီးပါကြာတယ် ချွေးပါပြန်သွားတယ် စိတ်ကို ညစ်သွားတာပဲဗျာ ဟားဟား ရေချိုးခန်းထဲမှာ ဘယ်လို တွေးနေလည်းသိလား “ ငါဘာပို့ စ်တင်ရမှန်းမသိဘူးဖြစ်နေတာ ဒီအကြောင်းတင်လိုက်မယ် ” ဆိုပြီးတွေးနေတာ ကံကောင်းလို့ ပေါ့ မဟုတ်ရင် ရေချိုးခန်းထဲမှာ ဒီညတော့ ကြွက်စုတ်ဖြစ်ပြီး ။ ကြည့်လည်း လွဲပေါ့ ကောင်လေးရယ် ဒီပုံတိုင်း နင် ဆက်လွဲနေရင်တော့ မကြာတော့ဘူးး ရှောမှာပဲ :) ။

Sunday, July 11, 2010

ပုလဲတစ်လုံး ရွဲတစ်လုံး

မျက်နှာက လူတွေကို မျက်နှာချင်းဆိုင်မိတာနဲ့ သိသိ မသိသိ ပြုံးပြတတ်တဲ့ အကျင့်က အငယ်လေးထဲက အကျင့်ပါနေတယ် ။ တခါတလေ ကိုယ်ကပြုံးပြလိုက်လို မသိသလိုလုပ်သွားရင်တော့ မျက်နှာကြီးက မဲ့သွားကော။ သတိထားမိပါသလားခင်ဗျား လူတိုင်းလူတိုင်း ပြုံးလိုက်မိပြီဆိုရင် နှုတ်ခမ်းလေးက အပေါ်ကိုကွေးညွှန့် ပုလဲလုံးလေးတွေ စီထားသလို လှပတဲ့ သွားလေးတွေက ဖွေးဖွေးဖြူလို့ပေါ့ ။ ကျနော်ကတော့ ဘယ်ဘ၀က ဆုတောင်းကောင်းခဲ့လေသလဲမသိ မလှမပ သွားတွေကို ပိုင်ဆိုင်ထားပါတယ် သွားတိုက်ဆေးကြောငြာထဲက မင်းသားလေးတွေရဲ့ သွားလေးတွေကိုများ အားကျလိုက်လေခြင်း ဇတ်ကားတစ်ကားကြည့်လို့ ဇတ်ကောင်တွေ ချောမချောထက် သွား လှ မလှအရင်ကြည့်မိတာက ရူးသွပ်ခြင်းတစ်မျိုးထင်ပါ့ ။သွားမလှတာက ရာဇ၀င်နဲ့ မာတာမိခင်က အချစ်ဆုံးသား အထွေးဆုံးသားဆိုတော့ တော်တော်နဲ့ နို့မဖြတ်ပါဘူး ကိုယ်ကလည်း အဲ့အချိန်တုန်းက ငမ်းငမ်းတတ်ပြီး ဆို့မိခဲ့တယ်ထင်ပါ့ အငယ်လေးထဲက သွားက ပိုးစားလိုက် သွားကိုက်လိုက် သွားနာလိုက်နဲ့ အစာမာမာတွေဆို သတိထားပြီး စားရတဲ့ အဖြစ် ။

သွားတွေက ပိုးစား ကျဲ ပြီး မလှရတဲ့အထဲ ကစားမက်တဲ့ ကျနော် အငယ်တုန်းက ရွာမှာ တင်ပူတမ်း ကစားကြပါတယ် သိကြမယ်ထင်တယ် တင်ပူ ဆိုတာ ခွက်တွေ နို့ဆီဗူးတွေကို ဆီပြီး တစ်ဖွဲ့က ဗူးတွေဆီ တစ်ခြားတစ်ဖွဲ့က ဘောလုံနဲ့ ခွက်တွေစီလို့မပြီးသေခင်း လူတွေအားလုံးကိုထိအောင် ပစ်ပေါက်ရတာပါ ။ တော်တော်ကိုပျော်ဖို့ကောင်းတဲ့ကစားနည်းတစ်ခုပါ အဲ့တုန်းက ကစားရင်း ခွက်တွေမလောက်တော့ လေးနှစ်ပိုင်းတစ်ခုကို အောက်ကထောင် ပြီးမှ အပေါ်ကခွက်လေးလုံးနဲ့ ဖြစ်အေင်ကစားတာပါ အငယ်လေးတုန်းက အဲ့လောက်ထိ ကစားမက်တာ ။ ကိုယ်က စီရမယ့် အလှည့် ပေါက်ရမယ့်သူက တော်တော်ဝေးဝေးရောက်နေတော့ ကိုယ်လည်း စိတ်ချ လက်ချနဲ့ စီပြီး တင်ပူလို့အော်လိုက်တာပဲ အဝေးက ဘောလုံးက ကျနော့်ရှေ့က လေးနှစ်ပိုင်းကိုထိ လေးနှစ်ပိုင်းက ကျနော့်ရဲ့ မလှမလှမပ သွားကလေးကို ဒက်ခနဲဆို တရုတ်ကားထဲကလို စလိုမိုးရှင်းနဲ့ မြင်ယောင်ကြည့်ပါ ဘောလုံးအရှိန်က ပြင်းတော့ ကျနော့်ရဲ့ သွားလေးထက်ပိုင်းကျိုးသွားတာပေါ့း( ။ အဲ့သူငယ်ချင်းကို စိတ်ဆိုးလို့ ခုချိန်ထိ ရွာမှာ ပြန်တွေ့ရင်စကားမပြောတော့ဘူး ။


ညာဘက်အံသွားတစ်ချောင်းပိုးကိုက်နေတာကြာပြီး အစာမာမာတွေဆို အဲ့ဘက်အခြမ်းက ၀ါးမရ ဖြစ်ချင်တော့ တနေ့က ပီကယ်ဝါးရင်း အဲ့ဘက်က ၀ါးလိုက်မိတာ မျက်ရည်တွေပါကျအောင် နာလိုက်တာဗျာ အဲ့တာနဲ့ပဲ နှမြောလည်းမတတ်နိုင် မခံစားနိုင်တော့တာနဲ့ ဆေးခန်းကို ပြေးရတော့တာပေါ့ သွားမှာ စိန်လေးတွေကပ်တဲ့သူ သွားအလှပြင်တဲ့သူတွေ များနေတဲ့အချိန် ကျနော်ကတော့ သွားနှုတ်ရတော့မယ် ဆိုးပါ့ ကံ ။ ဆရာဝန်က အသက်က ငယ်နေသေးတယ် နှုတ်ဖို့ကနှမြောစရာကောင်းတယ် သွားကို ဖာတာ ပြင်တာ အကိုက်သက်သာအောင်တော့ လုပ်လို့ရတယ် ဒါပေမယ့် ၅-၆ ခါလောက်လာရမယ် ပြီးတော့ ကုန်မယ့်ငွေက ဘတ် ၁သောင်းကျော်တယ် တဲ့ အမလေးလေး တော်ပါပီဂျာ မရှိရတဲ့အထဲ အကြွေးတင်မယ့် အဖြစ်တော့ ဝေါင်ဝေါင်ရှေးပဲ ။ ဖြစ်ချင်တာဖြစ်နှုတ်လိုက်တယ် ကလော်လိုက် ကလက်လိုက်တာများ ထုံဆေးအရှိန်ကြောင့်မနာပေမယ့် သွားဖုံတွေပါ ကြိမ်းတယ် ပေးလိုက်တဲ့ဆေးကို မေ့ပြီး ဘယ်မှာထားလိုက်မှန်းမသိတော့ ညက တစ်ညလုံးသွားတွေကိုက်ပြီးအိပ်မရ စားချင်တာစားမရ သွားနာလို့ စားမရမှပဲ မုန့်လိုက်ကျွေးမယ့်သူက များသလားမမေးနဲ့ တစ်ပါတ်တစ်ခါလောက်မှ ဟင်းကောင်းစားရတဲ့ မိဖိုးချောင်ကလည်း ခုရက်ပိုင်း ကြက် ၊ ၀က်တွေကြီးပဲ ဆိုလိုက်တဲ့ ကံပါလားနော် အမေရေ အမေ့သား နို့ငမ်းခဲ့တော့ ခု ဒွတ်ခ ရောက်ပြီင်္ဗျ ။ အော် ...မေ့လို့ ကျနော်က သွားလှတဲ့ ကောင်မလေးတွေဆို အရမ်းသဘောကျတာ ကြောင်ညာ အယ်လေ ကြော်ငြာ ၀င်တာ :) ။

Thursday, July 8, 2010

MaeSot Overviews (3)

ပြီးခဲ့တဲ့ လက ဘော့စ်မွေးနေ့ပါတီကို ရုံးကလူတွေ အိမ်ကလူတချို့နဲ့ သွားဖြစ်တယ် မဲဆောက်မြို့လယ်လောက်က နိုင်ငံခြားသားတွေအလာများတဲ့ ဆိုင်တဆိုင် အစားသောက်စုံစုံလင်လင်နဲ့ ဆိုင်အပြင်အဆင်ခပ်မိုက်မိုက်ပါပဲ အဲ့ဆိုင်မှာ ကျနော့်အရွယ် ကောင်လေး၂ယောက် ပထမတော့ ထိုင်းလို့ထင်နေတာ သူတို့အချင်းချင်း လက်မလည်အောင် စားပွဲထိုးနေရင်းနဲ့ လှမ်းပြောနေတဲ့ စကားကိုကြားမိရင်း မြန်မာမှန်းသိလိုက်တာ ပြန်ကာနီးတော့ စကားခဏပြောဖြစ်တယ် ။ ကျနော့်ထက် ၃ နှစ်လောက်ငယ်ပုံရတဲ့ ကောင်လေးက မိုးကုတ်သား အသားက မဖြူမညို အမြဲတမ်းခပ်ပြုံးပြူံးနဲ့ စတိုင်လ်ကျကျလေးနေတတ်တော့ ထိုင်းမတွေကတောင် ပြုံးစိစိနဲ့ စကြတဲ့ လူသန့်လေးတစ်ယောက်ပါ ။အရင်ကကျောက်အရောင်းဝယ်လုပ်ရင်း ကနေအဆင်မပြေတော့ ဒီဆိုင်ကိုရောက်လာဖြစ်တာ ။တခါခါတော့ အခြေနေတွေက ထင်မှတ်မထားလောက်အောင်ကို ဒီလိုနေရာတွေမှာ ကြုံရတတ်ပါတယ် မနက် ၈ နာရီကနေ အလုပ်စဆင်း ည ၁၁ နာရီထိ လုပ်ရတာတောင် ရတဲ့လခက တလကို ဘတ် ၁၅၀၀ တဲ့ အော် ငါ့ထက်ဆိုးတဲ့သူတွေလည်း ရှိသေးပါလားလို့ တွေးလိုက်မိတယ် ။ “ ကျနော် လစာမရတာ ၃ လ ရှိပြီ အစ်ကို အလုပ်ပြောင်းဖို့ စဉ်းစားနေတာ တိုင်ပင်စရာသူငယ်ချင်းလည်းမရှိဘူး ကျနော်ဖုန်းဆက်လို့ရမလား ” တဲ့ မြန်မာ့စိတ်ရင်း ကူညီခြင်းတဲ့ အေး ဆက်လိုက်လေ ပေါ့ ။

ပထမ သူဝင်မယ့် အလုပ်က အရောင်စုံတွေများတဲ့ အဖွဲ့စည်းတခုပါ လစာကများသလို အခြေနေတွေကလည်း အရာရာပြောင်းလဲသွားနိုင်တယ် ။ “ ကျနော်လုပ်လည်း လုပ်ချင်တယ် စိတ်ကလည်းထင့်နေတယ် နိုင်ငံခြားသားတွေနဲ့ လုပ်ရမှာ ကျနော့်အတွက် ပညာရမှန်း ပြီးတော့ အခု အခြေနေထက် အများကြီး ကောင်းမှန်းသိတယ် အစ်ကို ဒါပေမယ့် ကျနော် မြန်မာပြည်ကိုတော့ မပြန်ပဲမနေနိုင်ဘူး ဒီမှာအလုပ်ဝင်တယ်ဆိုရင် ပြန်ဖို့က မလွယ်တဲ့ အခြေနေဆိုတော့ ” ဟုတ်ပါတယ် သူပြောသလိုပဲ ကျနော်လည်းတွေးလိုက်မိတယ် ငါလည်း အားမပေးဘူးဆိုတဲ့ စကားက လွဲပြီး ကျနော်လည်း ဘာဆက်ပြောရမှန်းမသိ ကူလည်း ကူညီချင်တယ် တောင်မင်း ကို မြောက်မင်းမကယ်နိုင်ဆိုသလိုပေါ့ ။

နောက်ထပ် အလုပ်တစ်ခုတော့ နာမည်ကတော့လန်းပါ့ Bodygurad ဘာရဲ့ Bodygurad လည်းဆိုတော့ ထိုင်းနိုင်ငံမှာ ဘာတွေပေါသလဲ သိပါသလားခင်ဗျား :) အခြောက်ကြီးတယောက်ရဲ့ ကိုယ်ရံတော်ပေါ့ ကဗျာမဆန်လိုက်လေခြင်းနော့် ။ ကာစီနိုသွားရင် လိုက်သွားပေး ပြီးရင် အကြိုအပို့လုပ်ပေးရမယ် တလကို စရိတ်ငြိမ်း ( စရိတ်ငြိမ်းတဲ့နော် ) ဘတ် ၄၀၀၀ ။ အေး မိုက်သားဟ မင်းအဆင်ပြေမယ်ဆိုရင်တော့ လုပ်ကြည့်လေ ဘာပဲဖြစ်ဖြစ် အခုအခြေနေထက် သာတာပဲလို့ အားပေးလိုက်မိတယ် သူဆိုင်က ထွက်တဲ့နေ့ကကားနဲ့လာကြိုတယ် ပြီးတော့ နောက်တနေ့ ဆံပင်ရှည်ရှည်အလယ်ခွဲထားရတာ ကြိုက်တယ်ဆိုတဲ့ ကောင်လေး သူ့ဘော့စ်က သူ့ကို အလှပြင်ဆိုင်ကိုပို့ ဆံပင်တွေညှပ် ဆေးတွေဆိုး ပြီးတော့ မျက်နှာတွေပေါင်းတင်း အ၀တ်စားသစ်တွေဝယ်ပေး သူလည်း ခပ်လန့်လန့်နဲ့ အဆင်ပြေရဲ့လားစိတ်ပူပြီး ဖုန်းဆက်လိုက်တယ် “ ဘယ်လိုလဲ ညီ အိုကေရဲ့လား ” ဆိုတော့ “ ကျနော့်စိတ်ထဲ တမျိုးကြီး အစ်ကို ” တဲ့ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါလို့ ထပ်ပြီး အားပေးလိုက်ပြန်ပေမယ့် ကျနော့်စိတ်ထဲလည်း တစ်မျိုးကြီးပဲ ။

နောက်နေ့မနက်အစောကြီင်္းဖုန်းဆက်လာတယ် မနက် ၆ နာရီကျော်ကျော်လောက် “ အေး ပြောညီ ဘာဖြစ်လို့လဲ ” ဒီကောင့်လေသံက စိတ်ဓာတ်ကျနေသလိုလို ၀မ်းနည်းနေသလိုလိုနဲ့ “ ညက အဲ့ဟာကြီး ကျနော့်ကို ၀င်လုံးတယ် အစ်ကို ” တဲ့ တချက်ကြောင်သွားတယ် အိပ်မှုန်စုန်ဖွားနဲ့မို့ နားကြားများလွယ်သလားပေါ့ “ဘယ်လိုကြီး ၀င်လုံးတယ်ဟုတ်လား မင်းကလည်း အလုပ်ဝင်တာတောင်မကြာသေး ဘာအမှားတွေသွားလုပ်လို့ ဟိုက၀င်လုံးရတာလည်း မင်းကော ဘယ်နေရာ ဘာဖြစ်သွားသေးလဲ ဘာပဲဖြစ်ဖြစ် ထိုင်းနဲ့ ရန်ဖြစ်တယ်ဆိုတည်းက ကိုယ်က ရှုံးနေပြီလေ ” ကိုယ်လည်းထင်တာတွေ စွတ်ပြောလိုက်တာ “ အဲ့လိုလုံးတာမဟုတ်ဘူး ဟိုလိုလုံးတာ” တဲ့ အောက်မလေး ဒွတ်ခေါး( ပြီးတော့ သူဆက်ပြောတဲ့ စကားက စိတ်ပူပေမယ့် ပြုံးစိစိဖြစ်သွားတယ် “ ဘယ်ရမလဲ ကျနော်လည်း သောက်ကန်ထည့်ပေးလိုက်တယ် ပြီးတော့ အပြင်တွန်းထုတ်င်္ပြီး တံခါးချက်ထိုးပြီး အိပ်လိုက်တာပဲ ”ဟုတ်ပါ့ ဟုတ်ပါ့ တို့များ မိန်းခလေးဘ၀ ဒီလိုပဲနော့် :P ။

နောက်တနေ့ သူအလုပ်ထွက်တော့ အချစ်ဆုံးကြီးက ပြောတယ်တဲ့ သူပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြရမှာလဲဆိုပဲ ဘာလို့တုန်းဆိုတော့ သူက ယူထားတာလို့လိုက်ပြောထားတာတဲ့ ကျနော်လည်း အားနာလျှက်နဲ့ပဲရယ်လိုက်ရတာ အူတွေပါနာတယ် “ စိတ်ညစ်နေပါတယ်ဆိုဗျာ အစ်ကိုက ရယ်နေတယ်” ဟုတ်သားပဲ ဟိဟိ မရယ်တော့ဘူး ။ အသိတယောက်င်္ဆိမှာ ခဏနေနေပြီး အလုပ်ထပ်ရှာနေတယ် သုံးစရာရှိရဲ့လားဆိုတော့ ပိုက်ဆံအိတ်ဖွင့်ပြတော့ ဘတ် ၂၀ “ ငါ့မှာတော့ အများကြီး မရှိဘူးဟ ဒါမယ့် မင်း ၃၀၀ လောက်တော့ ယူသွား နောက်ထပ်လိုရင် လကုန်ရက် ငါလခရခါနီးလောက် ဖုန်းဆက်လိုက် အလုပ်ရမှာပါ စိတ်မပူနဲ့ အားတင်းထား ” ဒီလို အားပေးလိုက်ရပေမယ့် စိတ်တော့မကောင်း ဒီလိုပါပဲ ဒီလိုနေရမှာ ဒီလိုအခြေနေမျိုးတွေ ဒီထက့်အခြေနေဆိုးတဲ့သူတွေ အများကြီးပါပဲ ဒီလိုပဲ ကျနော်တို့တွေဟာလည်း မီးတောက်ကြီးထဲက ပိုးဖလံလေးတွေလိုပေါ့ အတောင်လေးတွေ တဖျပ်ဖျပ်နဲ့ ဘ၀ဆိုတဲ့ လေနီကြမ်းကြီးကို ရင်ဆိုင်လျှက်ပါပဲ ။

Wednesday, July 7, 2010

တချိန်တုန်းကဒုက္ခ အခုတော့ဟာသ

တစ်ချိန်ကတော့ တော်တော်ကို ဒုက္ခရောက်ခဲ့တာပေါ့ အရှိုးရာပါ ထင်တယ် ။ တစ်ခါမှ မရိုက်ဖူးတဲ့ အဘက တော်တော်ရှက်သွားလို့ပါ ကျနော်ကလည်း ကျနော်ပဲ မဟုတ်ပါဘူး အစ်မကြောင့် ရွာမှာက မိုးချုပ်ရင် အဘက အစ်မတွေကို အပြင်ပေးမထွက်ပါ ဗီဒီယိုသွားကြည့်မယ်ဆိုရင်လည်း တစ်ယောက်ယောက် အဖော်ပါမှ လွှတ်တယ် ။ အစ်မငယ်က သူ့ဘဲဘဲနဲ့ချိန်ထားတာလေ အဲ့တာ :P “ခလေး အစ်မ နဲ့လိုက်ပေး နင့်ကို ကျိုက်ထီးရိုး ခေါ်သွားမယ်လေ ” လာဘ်ပေးလာဘ်ယူ ဒို့ကြည်ဖြူ သိပ်မငြင်းရှာဘူးရယ် “ တကယ်နော် ” ဆိုပြီး ချက်ချင်းကိုထလိုက်သွားတယ် ။ အဘကလည်း ကျနော်ပါတော့ ခဏပဲဆိုပြီး လွှတ်ပါတယ် အစ်မက သူ့သူငယ်ချင်းအိမ် သွားမယ်ဆိုလို့ ။ သူ့ကိုမှာထားသား “အစ်မ ငါကြောက်တယ်နော် မြန်၂ပြောပြီး ပြန်လာခဲ့ အဘ သိရင်သတ်မှာ ” သူလည်း ခဏလေးပါပဲ ကျနော်က သရက်ပင် အောက်မှာ ငုတ်တုတ်လေးထိုင်စောင့် ခြင်ကကိုက် စိတ်ကုန်ပါ့ ( ဒီလောက်တန်ဖိုးရှိတဲ့ မောင် ဘယ်မှာသွားရှာမတုန်း ) ။ တောရွာပေမယ့် သတင်းက မြန်တယ် အိမ်က ဘယ်လိုသိသွားလဲမသိ “ဟို မောင်နှမ ဘယ်မှာလဲ ” ဆိုတဲ့ အဘရဲ့ ဒေါသသံက အိပ်ငိုက်နေတဲ့ ကျနော့်ကို လန့်နိုးအောင်ပဲ ။

အိမ်ရောက်တော့ မှင်သေသေနဲ့ တုတ်ကြီးကိုင်ပြီး လှေခါးဝမှ စောင့်နေတဲ့ အဘက “ဘယ်က ပြန်လာတာလဲ ” ၊ “ ဟား...အဘကလည်းပြောထားသားကို ဦးဘယ်သူတို့အိမ်ကိုသွားတာလေ ” မင်းတို့ကို ငါမွေးထားတာကွ ဆိုပြီး ဆော်ပလော်တီးလိုက်တာ မောင်နှမ နှစ်ယောက်လည်း အရှိုးရာတွေနဲ့ပေါ့ ဘယ်သူမှလည်း မဆွဲရဲပါ အဘရဲ့ အချစ်တော် စိန်ပြုံးလည်း မျက်လုံးလေး ပေကလည် ပေကလည် နဲ့ စနွန်းပဲ လိမ်းပေးတယ် ပါးစပ်ကတော့ ခလေးတွေကို ဒီလောက်ရိုက်ရမလားလို့ ပတွတ် ပတွတ်နဲ့ပေါ့ တော်ပြီးနောက်များ ဘယ်သူ့အတွဲမှ မလိုက်ပေးတော့ဘူး က်ျိုက်ထီးရိုးလည်းမသွားရပါဘူး။ သိပ်မကြာလိုက်ပါ အစ်မလည်း ယောက်ျားနောက်လိုက်သွားပါလေကော ဟုတ်သား သူလည်း ချိန်းတွေ့တိုင်းသာ ရိုက်ခံထိရင် အသက်ပါပျောက်မယ် တော်တယ် အစ်မ :) ။ အဲ့တုန်းကသာ ငိုခဲ့ရတာ ခုတော့ “ အစ်မ ငါ့ကို ကျိုက်ထီးရိုး လိုက်ပို့မယ်ဆို ” အဲ့လို ခနဲ့လိုက်ရင် အစ်မ က“ အဘ ...ဒီမှာကျိုက်င်္ထီးရိုးလိုက်ပို့ခိုင်းနေတယ် ” လို့ပြောရင်တော့ ဒီနှစ်ကောင်တော့သေတော့မယ် ဆိုပြီး ပြုံးဖြီးဖြီးကြီးနဲ့ ဟဟား သိပ်ချစ်ဖို့ကောင်း ။

*************************************************

နောက်တစ်ခု


ကျောင်းတုန်းကပါ သူငယ်ချင်းက သူတို့ မွန်အမျိုးသားနေ့တွေ့စုံပွဲရှိတော့ လိုက်သွားပါတယ် ဗမာတွေတော့ပါမယ်ထင်တာလေ တစ်ယောက်မှကို မပါ ပါ ကိုယ်တစ်ယောက်တည်း အရူးကြီးလို သူများတွေ ဘာပြောပြော နားမလည်ပါ ဒီ့ထက်ဆိုးတာက ရောက်လာတဲ့သူတွေက မိတ်ဆက်ရတဲ့ အစီစဉ်ပေါ့ အကျွေးမွေး အစီစဉ်ပြီးတော့ တစ်ယောက်ချင်းစီ မိတ်ဆက် ကျနော်ကတော့ ပြေးမယ် တကဲကဲ သူငယ်ချင်းက မွန်လိုမရလည်း ဗမာလိုပဲပြောလေ ရပါတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အားလုံးက မွန်လိုပြောတာတစ်လုံးမှ နားမလည်ပါ ။ ကိုယ့်အလှည့်မရောက်ခင်တည်းက ချွေးစေးတွေပြန်နေပြီး ဒုက္ခပါပဲ ဘယ်တော့မှ လူတောတိုးတဲ့ ကောင်မဟုတ်ပါဘူး ။ စပါပြီး ကျနော့်နာမည် ဆိုတည်းက စကားက ထစ်နေတယ် နေရပ် အသက်တောင်ပြောရသေးတယ် ကျောင်းနှစ်ကိုပြောတော့ “ ကျနော်ကတော့ First Year ပါ အယ်....မဟုတ်ဘူး B.tech Second Year ပါ မှားလို့မှားလို့ ” တစ်ခုမှ မမှန်ပါ လူတွေကလည်း ထူး၂ဆန်း၂ကြည့်နေပြီး သူငယ်ချင်းကို “ ဟကောင်...ငါ ဘာ Year လဲ ” ပြန်မေးရတယ် အဲ့တာနဲ့ပဲ သူလည်း ကိုယ့်ကို သနားလို့ မွန်လိုကိုယ်စားမိတ်ဆက်ပေးလိုက်ပါတော့တယ် ပွဲကိုကျကောပေါ့ ။

အဆောင်ရောက်တော့ “မင်းက ခုမှ Second Year ဘယ်လိုဖြစ်လို့ B.tech ကိုခုန်တက်သွားတာလဲ” စိတ်တိုနေပါတယ် လာမစနဲ့ အဲ့တုန်းကတော့ တော်တော်ကိုရှက်ပြီး ဒုက္ခရောက်ခဲ့တာ တွေ့စုံပွဲက မွန်မလေးတွေက ကျောင်းမှာတွေ့ရင် ပြုံးစိစိ ကိုယ်ဝင်တဲ့ အတန်းက တစ်ခြား မှားပြီးပြောမိတဲ့ အတန်းက တစ်ခြားဆိုတော့ ဒါကြောင့်နောက်ဆို အဲ့လိုပွဲမျိုး ဘယ်တော့မှ လိုက်မသွားပါ ။ တစ်ချို့ကလည်း စကြသေးတယ် “ ဝေး B.tech အစ်ကိုကြီး စာတွေရပြီလား ” ကျမ်းကြေသွားလို့ဖြစ်မယ် ကျနော် B.tech ကိုဆက်တက်ခွင့်မရခဲ့ပါး) ။

Saturday, July 3, 2010

ကြီးတော်

ကြီးတော် အသက်က ခုဆို ၇၀ နားနီးပြီး မုဆိုးမ ၅ခုလပ် သားသမီးကတယောက်မှမရှိ ဒါပေမယ့် လူချစ်လူခင်ကတော့ပေါပါ့ အပျိုဖြန်းမလေးတစ်ယောက်လို သွက်လက်ဖျက်လတ်နေတာပဲ ထင်းခွေသွားမလား လူငယ်တွေနဲ့အပြိုင် ရွာထဲက ခလေးတွေ ရည်းစားစာရေးရင်သူက အချစ်စာရေးဆရာမကြီး လူငယ်တွေကြားလည်းသူပါသလို လူကြီးတွေရန်ဖြစ် ခွဲဟယ် ဆွဲဟယ်ဆိုရင်လည်း သူကရှေ့ဆုံးကပါပဲ ။ သူ့ကိုကျနော် မှတ်မိတာ ၃ နှစ်သားကျော်ကျော်မှတ်မိစအရွယ်လေးပါ ကြီးတော်အိမ်မှာ ဆိတ်ကလေးတွေ အများကြီးမွေးထားတယ် ကျနော်ကပိန်တော့ ဆိတ်နို့လာသောက်ဖို့ အမြဲလာလာခေါ်တတ်တယ် ကျနော်တို့ ကြီးတော်အိမ်သွားရင် အမေက ခြံထွက် ငှက်ပျော်သီး သင်္ဘောသီးတွေ ပေးပေးလိုက်တယ် ။ ကြီးတော်ရဲ့ ယောက်ျား ပေါ်တာ ထဲ ဆုံးသွားတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကြီးတော် ရှိုက်ကြီးတငင်ငိုနေတာကိုကြည့်ပြီး ကိုယ်ပါမျက်ရည်ကျမိတယ် ။ ခလေးအတွေးနဲ့ “အမေ ကြီးတော်ကို မွေးစားလိုက်ပါလား” လို့ ပြောဖူးသေးတာကို မှတ်မိသေး။

သားသမီးတစ်ယောက်မှမရှိ ဆွေမျိုးတစ်ယောက်မှမရှိပေမယ့် ရွာထဲက လူအားလုံးကတော့ ကြီးတော်ရဲ့ သားသမီးတွေ ဆွေမျိုးတွေကြီးပါပဲ တချို့ဆို သူကိုယ်တိုင်မွေးထားပေးတဲ့သူတောင်ရှိသေးတယ် ။ ရွာမှာ သင်္ကြန်ရက် ပျော်ပွဲရွှင်ပွဲဆိုရင် အပျိုမလေးတစ်ယောက်လို စကပ်တွေ ဘောင်ဘီတွေဝတ်ပြီင်္း က တတ်ပါတယ် ။ ဗွီဒီယိုဆို အသေကြိုက် ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်လို သရုပ်ဆောင်သွားတယ်ဆိုတာ အလွတ်ရနေတတ်ပြီး အိုက်တင် အသံနေ အသံထားနဲ့လုပ်လုပ်ပြတတ်လွန်းလို့ ကိုယ်မကြည့်ဖူးတဲ့ဇတ်ကားက သူပြောပြတာနဲ့တင် ကြည့်ပြီးသွားသလို ခံစားရပါတယ် ။ ခု ကြီးတော် မုန့်လက်ကောက်ရောင်းနေတယ် မြတ်လား မမြတ်လားတော့မသိ ငိုနေတဲ့ ခလေးတွေ့ရင် “ ဟဲ့...ဘယ်လိုဖြစ်တာလဲ ရော့ရော့ ဟိုမသာကောင်တွေ ခလေးကိုပစ်ထားပြီင်္း ဘယ်သွားသေနေကြလဲဟဲ့ ” အဲ့တာကတော့ ရွာထဲက ကြီးတော်ရဲ့ နံနက်ခင်းတေးပဒေသာပါ ။

ရွာကိုရောက်ရင် နေ့ခင်းပိုင်းစာအုပ်တစ်အုပ်နဲ့ ကြီးတော်အိမ်မှာ သွားသွားအိပ်တယ် စိတ်ပူတတ်တဲ့ အစ်မက “ ခလေး နင်သွား မအိပ်နဲ့ တော်ကြာ ကိုယ့်ကိုယ်ပါ အောင်သွယ်ပေးနေအုံးမယ် ” တဲ့ ဟုတ်ပါ့ ရွာထဲမှာတော့ ကြီးတော်က မျြှားနတ်မောင်ပဲ အရက်သောက်တတ်တဲ့ ဖိုးသေးကို မြှောက်ပြောပေးလိုက်တာများ ပါတိတ်ထမိန်လေးရဲ့ ကျေးဇူးက နောက်တစ်နေ့ ကွမ်းခူးသွားရင် ကြီးတော်ရဲ့ အာဘော်ကြောင့် ရွာကကောင်မလေးတယောက် ဖိုးသေးရဲ့ အချစ်ရေယာဉ်မှာ မြောပါသွားပါလေကေား) ။တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူး မနက်ဖန်အတွက် ဒီနေ့မှာ သူ့ရဲ့လုပ်အားတွေရှိတယ် ဘာကိုမှတွေးမပူဘူး အတိတ်မှာလည်း သူမကျန်ခဲ့ အနာဂတ်အတွက် တေွးပူမနေပါဘူး ။

ဘ၀ရဲ့ ဆည်းဆာနေ၀င်ချိန်ကို ရောက်လုပြီလို့ဆိုနိုင်တဲ့ မနက်ဖန်အတွက် အာမခံချက်ဘာမှမရှိတဲ့ ကြီးတော်က ဘ၀ကိုအရှုံးမပေးပဲ ကြံကြံခံရင်ဆိုင်နေပေမယ့် မနက်ဖန်အတွက် အိပ်မက်ပေါင်းများစွာကို မက်ခွင့်ရှိနေပါလျှက်နဲ့ ခွန်အားတွေရှိနေပါလျှက်နဲ့ စိတ်ပျက်အားငယ်နေမိတဲ့ ကျနော့်ကို ကြီးတော်ရဲ့ အင်အားစကားတစ်ခွန်းက “ ဘ၀ဆိုတာ ဒီလိုပဲ ငါ့တူ ဖြစ်လာတာကိုရင်ဆိုင်ရဲဖို့လိုတယ် နောင်တကို ကြောက်ရွံနေဖို့ထက် နောင်တ ရစရာတွေကို မလုပ်မိဖို့ကြိုးစားပါ ” တဲ့ ကျေးဇူးပါ ကြီးတော် အဲ့ဒီအားပေးစကားတစ်ခွန်က ငယ်ငယ်တုန်းက အားနည်းလို့ သောက်ဖို့အမြဲလာလာခေါ်တတ်တဲ့ ဆိတ်နို့စိမ်းတစ်ခွက်လိုပါပဲ ကျနော့်အတွက် အားတွေဖြစ်သွားတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...